Tuesday, July 14, 2015
နေပြည်တော် မြို့ပြနိုင်ငံ၊ သမ္မတအိမ်တော်၊ လွှတ်တော် အဆောက်အအုံ၊ ပါတီဌာနချုပ် ရုံးခန်းအချို့နှင့် လူဦးရေ သန်းဂဏန်းမျှလောက် ကျန်ရှိနေလျှင် တော်ပြီလား ?
နေပြည်တော် မြို့ပြနိုင်ငံ၊ သမ္မတအိမ်တော်၊ လွှတ်တော် အဆောက်အအုံ၊ ပါတီဌာနချုပ် ရုံးခန်းအချို့နှင့် လူဦးရေ သန်းဂဏန်းမျှလောက် ကျန်ရှိနေလျှင် တော်ပြီလား? ဤမေးခွန်းမှာ မနှစ်မြို့ဖွယ်မေးခွန်း ဖြစ်သည်။ မမေးမြန်းသင့်။ သို့သော် ဤမေးခွန်းကို မေးမြန်းရခြင်း၏ အကြောင်းပြချက်အဖြစ် နယ်နိမိတ် အငြင်းပွားမှု ပြဿနာရပ်အချို့ကို ထုတ်နုတ် ညွှန်းပြလိုသည်။
တပ်မတော်အစိုးရ တာဝန်ယူနေဆဲ ၂၀၀၈ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် အငြင်းပွားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတွင် ပင်လယ်ပြင် ရေပိုင်နက်ဆိုင်ရာ နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်အရ နတ်မြစ်၏ထိပ်တွင် တည်ရှိပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ပိုနီးသည့် စိန့်မာတင်ကျွန်း (မြန်မာအခေါ် အုန်းကျွန်း) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ကျွန်းအဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရသည်။ ရေပြင်ဧရိယာ စတုရန်း ကီလိုမီတာ တစ်သိန်းကျော်ကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။
တပ်မတော် ထိပ်တန်း ခေါင်းဆောင်ဟောင်းများ ပါဝင်သော ရွေးကောက်ခံ အရပ်သားအစိုးရခေါ် အစိုးရသစ် လက်ထက်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ-အိန္ဒိယ နယ်နိမိတ်ထိစပ်ရာ ကဘော်ချိုင့်ဝှမ်း ဒေသတွင် နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေခဲ့သည်။ အကြောင်းရင်းမှာ နယ်နိမိတ် မှတ်တိုင်များကို အိန္ဒိဘက်က နေရာရွှေ့ပြောင်း စိုက်ထူခြင်း၊ မြန်မာ့ပိုင်နက် နယ်မြေအတွင်း အိန္ဒိယကျေးရွာများ တည်ဆောက် နေထိုင်လာခြင်း တို့ကြောင့် ဖြစ်သည်။ ထိုနယ်နိမိတ် အငြင်းပွားမှုတွင် အိန္ဒိယဘက်က အလျှော့မပေးသည့်အပြင် မြန်မာဘက်ကလည်း လျော့ရဲစွာ တုံ့ပြန်နေမှုကြောင့် နယ်မြေဆုံးရှုံးရမည့် အရိပ်အယောင်များကို ခံစား တွေ့မြင်နေရသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ နယ်နိမိတ် မှတ်တိုင် S78-1 နှင့် S79 အကြားနှင့် နမ့်ခမ်းမြို့ရှိ S62-1 နှင့် S63 အကြား တရုတ်နိုင်ငံ နယ်စပ်နှင့် နယ်စပ်သွယ်တန်းမှုများ မရှင်းလင်းမှုကြောင့်ဟု ဆိုကာ ၂၀၁၄ ခုနှစ် မေလအတွင်း၌ မြန်မာ-တရုတ် နှစ်ဖက် ဒေသခံများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တင်းမာမှုနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ပြန်လည် ဖော်ဆောင်ရာတွင် မြန်မာဘက်က နယ်မြေဆုံးရှုံးမှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များကို ရှင်းလင်းစွာ ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ နှစ်နိုင်ငံမှတ်တိုင်များ ယာယီ ပြန်လည်စိုက်ထူ သွားမည်ဟုသာ ရှင်းလင်းခဲ့သည်။ နမ့်ခမ်းရှိ မြန်မာဘက်မှ ဒေသခံများက ပြောကြားနေသည့်အတိုင်း တရုတ်ဘက်က နယ်နိမိတ် မှတ်တိုင်များကို မြန်မာပိုင်နက်များအထိ ကျော်လွန်ကာ တိုးချဲ့စိုက်ထူထားခြင်း ရှိ၊ မရှိ အပေါ်၌လည်း ရွေးကောက်ခံ အရပ်သား အစိုးရအနေနှင့် ရှင်းလင်းစွာ တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ယခင် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရဟန်းတော်များ၊ သတင်းမီဒီယာများ အနေနှင့် မည်သည့် အရေးအရာတွင်မျှ လွတ်လွတ်လပ်လပ် ပြောဆိုလှုပ်ရှားခွင့် မရခဲ့ကြသည့်အတွက် ရေငုံနှုတ်ပိတ် နေခဲ့ကြရသည်။ ထို့အတွက် ဘင်္ဂလားဒေ့ရှ်နှင့် အငြင်းပွားကာ ဆုံးရှုံး လက်လွှတ်ခဲ့ရသော ရေပြင်နယ်နိမိတ် ကိစ္စသည် တပ်မတော် အစိုးရအပေါ်၌သာ လုံးဝ တာဝန်ရှိသော ကိစ္စရပ်ဟု ဆိုနိုင်သည်။
ယခု ရွေးကောက်ခံ အရပ်သားအစိုးရသစ် လက်ထက်၌မူ အဆိုပါ ခေါင်းဆောင်များ အဖွဲ့အစည်းများ အနေနှင့် ယခင်ကကဲ့သို့ ရေငုံနှုတ်ပိတ် နေကြရသည် မဟုတ်။ ရေလာမြောင်းပေး အဆင့်ထက်ပင် ပိုလွန်စွာ ပြောခွင့်ဆိုခွင့် လှုပ်ရှားခွင့် ရနေကြသည်မှာ မျက်မြင်ပင် ဖြစ်သည်။ အရပ်သား အစိုးရသစ် ကိုယ်တိုင်ကလည်း တူတာတွေ တွဲလုပ်မည်၊ မတူတာတွေ ခွဲလုပ်မည်ဟု ထင်ထင်ရှားရှားပင် ပြောဆိုခဲ့ဖူးသည်။
သို့နှင့်တိုင် ယခု ကြုံတွေ့နေရသော မြန်မာ-အိန္ဒိယ၊ မြန်မာ-တရုတ် နယ်နိမိတ် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အရပ်သား အစိုးရသစ် ကိုယ်တိုင်က တက်တက်ကြွကြွ ထက်ထက်သန်သန် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရှိ ကာကွယ် ဖြေရှင်းနေသည်ဟု မထင်မြင် မခံစားရသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရဟန်းတော် အသင်းအဖွဲ့များ အနေနှင့်လည်း ဤပိုင်နက် နယ်နိမိတ် အငြင်းပွားမှုများအပေါ် လွှတ်တော်၌ မေးမြန်းခြင်း၊ တိုက်တွန်း တောင်းဆိုခြင်း၊ ထဲထဲဝင်ဝင် သုံးသပ်ပြောဆိုခြင်း၊ သဘောထား ထုတ်ပြန်ခြင်း စသည်တို့ကို မပြုမမူ နေရက်နိုင်ကြပေသည်။ ဤသည်မှာ ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းလှ၏။
ထိုသို့ ပြောလာချေသော် အဆိုပါ အရပ်သား အစိုးရသစ်သည် လည်းကောင်း၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရဟန်းတော် အသင်းအဖွဲ့ များသည်လည်း တုံ့ပြန်ဖြေဆိုစရာ ဆင်ခြေဆင်လက် အများအပြားဖြင့် အဆင်သင့် ရှိနေကြပေလိမ့်မည်။ ရွေးကောက်ခံ အရပ်သား အစိုးရအဖွဲ့က “မိမိတို့ အစိုးရအနေနှင့် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူအတွင်းမှ သံတမန်ရေး နည်းလမ်းဖြင့် မိတ်ဝတ်မပျက် သိုသိုသိပ်သိပ် စေ့စပ်ဖြေရှင်းလျက် ရှိပါသည်” ဟု ဖြေမည်ထင်၏။
အာဏာရ အရပ်သား အစိုးရအဖွဲ့၏ ပါတီကြီးအနေနှင့်မူ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစုမှ အနိုင်ရရှိကာ မိမိတို့ ပါတီကသာလျှင် လွှတ်တော်တွင်း စိုးမိုးမှုရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ရေးကို လည်းကောင်း၊ ပါတီတည်ဆောက်ရေး ကြံ့ခိုင်ရေးနှင့် ပါတီဝင်ဦးရေ ပါတီ ထောက်ခံသူဦးရေ တိုးတက်လာစေရေးကို လည်းကောင်း အကွက်ချ၍ အလေးအနက် ဆောင်ရွက်နေပါသည်။ ၂၀၁၅ အလွန်တွင် မိမိတို့ပါတီက ဆက်လက်အာဏာ ရရှိထားမှသာ တိုင်းပြည် အခြေအနေ တည်ငြိမ်ပြီး ဒီမိုကရေစီ အရွေ့ကို ဆက်လက်ပုံဖော်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှ လွဲ၍ ကျန်အရေးအရာများကို ဂရုစိုက်နိုင်ဦးမည် မဟုတ်ပါ” ဟု ဖြေလေမည်လား မသိ။
အတိုက်အခံ နိုင်ငံရေး ခေါင်ဆောင်များ၊ ပါတီ အဖွဲ့အစည်းများကမူ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည်သာ ပဓာနကျသော နိုင်ငံရေး ကိစ္စကြီး ဖြစ်ပါသဖြင့် ယင်းအတွက်ကိုသာ အာရုံစိုက် တွန်းအား ပေးနေရပါသည်။ အခြေခံဥပဒေကို ပြင်ဆင် လိုသည်မှာလည်း ယခု ၂၀၀၈ အခြေခံ ဥပဒေသည် ဒီမိုကရေစီနှုန်းစံ တန်ဖိုးများနှင့် မညီညွတ်ဘဲ ပြည်သူ့အာဏာသည် ပြည်သူ့ဆီမှာ မရှိသေးသော အခြေခံဥပဒေသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ့အာဏာကို ပြည်သူ့ထံမှောက်သို့ အပြည့်အဝ အပ်နှင်းနိုင်ပါရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခွင့်ရရှိရေး နည်းလမ်းကိုသာ အာရုံစိုက် ရှာဖွေနေပါသည်။ ထို့ပြင် အဆိုပါ နယ်နိမိတ် အငြင်းပွားမှု ကိစ္စရပ်မှာ အာဏာလက်ရှိ အစိုးရချင်း ပြောဆို ဖြေရှင်းရမည်သာ ဖြစ်ပါ၍ မိမိတို့ အနေနှင့် အရေးပါပါ အရာရောက်ရောက် ပြောဆိုပိုင်ခွင့်ရှိနေသည် မဟုတ်ပါ” ဟု ဖြေကြမည်ထင်၏။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကား “မိမိတို့ အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် နိုင်ငံရေး နည်းလမ်းဖြင့် ချဉ်းကပ် အဖြေရှာလျက် ရှိကြပါသဖြင့် ထိုနယ်နိမိတ် ကိစ္စရပ်အပေါ် ထင်မြင်ချက်ပေးရန် အချိန်မလုံလောက်ပါ” ဟု ဖြေကောင်း ဖြေကြလိမ့်မည်။
အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေနှင့်မူ “ကျွန်တော်တို့၊ ကျွန်မတို့ အဖွဲ့များရဲ့ ဦးတည်ချက်က စစ်မှန်သော လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လိင်တူများ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူ့အခွင့် အရေးစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေများ မပြဋ္ဌာန်းနိုင်အောင် ကန့်ကွက် ဆန့်ကျင်ရေးတို့ ဖြစ်ပါတယ်။ အဲဒီအတွက်ကို ဦးစားပေးပြီး သမ္မတနဲ့ တွေ့ဆုံခွင့်ရဖို့၊ လွှတ်တော်အထိ သက်ရောက်မှု ရှိစေဖို့ စတာတွေကို ဦးစားပေးနေရတာမို့ ဒီနယ်နိမိတ် ကိစ္စကို ဦးစား မပေးနိုင်သေးတာပါ” ဟု ဖြေကြလိမ့်မည်။
အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသော ရဟန်းတော်များက “ဦးပဉ္စင်းတို့ အနေနဲ့က ဝံသာနုရက္ခိတ တရား ထွန်းကားရေးနဲ့ မျိုးစောင့် ဥပဒေလေးရပ် ပေါ်ထွန်းရေးကို ပဓာန ဦးတည်ချက်ထားပြီး ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် နေကြပါတယ်။ ဒါ့အပြင်လည်း မြန်မာ အမျိုးသမီးငယ်လေးများ အကြမ်းဖက် အဓမ္မပြုကျင့်မှု ခံနေကြရတဲ့ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဖော်ထုတ် တင်ပြနေရတာလည်း ရှိပါတယ်။ ပြီးတော့ ဟိုမီဒီယာ ဒီမီယာတွေရဲ့ တစ်ဖက်စောင်းနင်း ဆန်ဆန် တင်ပြမှုတွေအပေါ် အခါအားလျော်စွာ ရှုတ်ချချက် ထုတ်ပြန်ရတာမျိုး၊ အမျိုးသား သစ္စာဖောက်အဖြစ် စာရင်းသွင်း သတ်မှတ် ပေးရတာမျိုးတွေကိုလည်း လုပ်ဆောင်ကြရပါတယ်။ ဒီတော့ ကိုယ်နိုင်တဲ့ ဝန်လောက်ကိုပဲ ထမ်းနိုင်တာမို့ အဲဒီနယ်နိမိတ် ကိစ္စကို ဝင်ရောက်ပြောဆိုဖို့ မလျော်ဘူး ထင်ပါတယ်” ဟု အကြောင်းပြန်ကောင်း ပြန်ကြမည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဝင် တစ်ခုတည်းသော သံဃာ့အဖွဲ့အစည်းကြီး၏ အထွတ်အထိတ် ဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည်ကား “ဘုန်းကြီးတို့အနေနဲ့ သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်ဆိုတဲ့ မူအရ ဓမ္မဝိနယနဲ့အညီ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး အတွက်ကိုသာ ဆောင်ရွက်ကြပါတယ်။ သံဃာထု အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်း လေးပါးနဲ့ ကျောင်းပိုင်ဆိုင်မှု အငြင်းပွားတဲ့ ဝိဝါဒါဓိကရုဏ်းတွေကို ဓမ္မဝိနယနဲ့အညီ ဓမ္မစက်နဲ့ ဖြေရှင်း ဆောင်ရွက်ပေးနေကြရပါတယ်။ ဒီနှစ်ပိုင်းမှာဆိုရင် ထူးထူးခြားခြားပဲ ကျောင်းပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စတစ်ခုမှာ မဟာနာယက အဖွဲ့ကိုယ်တိုင်က တရားလို နေရာကနေ ဖြေရှင်းနေရတာမျိုး ကြုံလာခဲ့တယ်။ ဒီတော့ ကိုယ့်အဖွဲ့အစည်းက တရားလို တာဝန်ရော အကြီးအကဲ တာဝန်ရော ရှိလာပြီဆိုတော့ ပိုပြီးဝန်ပိလာတယ်။ အဲဒီမှာ အာဏာစက် အကူအညီကို နည်းလမ်းတကျ ယူလိုက်နိုင်လို့ အင်မတန် ကြီးကျယ်တဲ့ အကြမ်းဖက်မှုကြီးကို တားဆီးလိုက်နိုင်တာပါ။ နို့မဟုတ်ရင် နယ်စပ်ကနေ သင်္ကန်းဝတ်ခိုးဝင် လက်နက်တွေစုပြီး အကြမ်းဖက်ကြမယ့် အန္တရာယ်ကြီးကို ကြုံကြရတော့မလို့။ အဲဒါကလည်း ဘုန်းကြီးတို့ရဲ့ မျက်မြင်ဒိဋ္ဌဓမ္မ သိရတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့လေ။ ဘုန်းကြီးတို့ မျက်စိမှိတ်ပြီး ယုံကြည်ရတဲ့ အသိုင်းအဝိုင်းက တင်ပြချက်ပေါ့။ အဲဒီလိုပါပဲ။ ဖြေရရှင်းရ ဆောင်ရွက်ရတာတွေ များလွန်းတော့ အားလုံးကို အာရုံမစိုက်နိုင်ဘူးလေ။ မနှစ်ကဆို ပထမပြန်နဲ့ ဓမ္မာစရိယ စာမေးပွဲတွေမှာ မေးခွန်း ပေါက်ကြားတာမျိုးတောင် ဖြစ်သွားခဲ့ဖူးရဲ့။ ဒီတော့ ဘုန်းကြီးတို့ကတော့ သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဆိုတဲ့ မူနဲ့ သာသနာရေး သက်သက်ကိုသာ ဆောင်ရွက်သွားမှာပါ။ နယ်နိမိတ် အငြင်းပွားမှု ဆိုတာမျိုးက သံဃာ့ကိစ္စ သာသနာကိစ္စ မဟုတ်လို့ သက်ဆိုင်ရာ လူအာဏာပိုင်များကပဲ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘုန်းကြီးတို့က ထင်မြင်ချက် တိုက်တွန်းချက် ပေးစရာ မရှိပါဘူး” ဟု ဖြေတော်မူမည်ထင်၏။
အဆိုပါ အဖြေစကားများသည် သက်ဆိုင်သူတို့၏ တိုက်ရိုက် အဖြေစကားများ မဟုတ်ကြ။ အတ္တနောမတိ တွေးထင်ချက်သာဖြစ်၍ လွဲကောင်းလွဲမည်။ သို့ရာတွင် မြန်မာ့လူ့ဘောင်အတွင်းရှိ အဖွဲ့အစည်း အရပ်ရပ်တို့သည် မိမိ သန်ရာသန်ရာကိုသာ ဦးတည်ချက်ထား၍ လှုပ်ရှား နေကြသည်ကိုကား အထင်အရှား တွေ့မြင်နိုင်သည်။ ဤအချက်ကပင် အလွန်ဝမ်းနည်းဖွယ် ကောင်းသော အားနည်းချက် ဖြစ်သည်။
ထို့ပြင် ‘တူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ်’ ဟု နိုင်ငံရေး ယဉ်ကျေးမှု ပုံစံသစ်ကို တလှတပကြီး မစားရ ဝခမန်းကြီး ချပြခဲ့သော်လည်း အမှန်တကယ် ကျင့်သုံးဖြစ်ပါရဲ့လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တကယ်တူသော အရေးအရာများတွင် တစ်ဖက်ခေါင်းဆောင်များ တစ်ဖက်အဖွဲ့အစည်းများကို လိုလိုလားလား ပါဝင်ဆောင်ရွက်ခွင့် ပေးပါသလား၊ မိမိတို့သာလျှင် ဦးဆောင်ဦးရွက် ပြုသူအဖြစ် ပြတ်ပြတ်သားသား ရပ်တည်သွားမည်။ အခြားသူများအား နေရာမပေးလိုသော အသိအမှတ် မပြုလိုသော ငါ့နန်းငါထိုင် မခိုင်ကျိုးကျိုး အတွင်းစိတ် အခံရှိနေလျှင် ထိုနိုင်ငံရေး ယဉ်ကျေးမှု ပုံစံသစ်မှာ အသက်ဝင်မည် မဟုတ်ပေ။ တစ်ဖက်တွင်လည်း ‘သူတို့ မလုပ်နိုင်တဲ့ အရေးအရာကျမှ လာရောက်ခယသည်။ သူတို့ နာမည်ကောင်းရဖို့ ငါတို့က လက်လျှိုတီးသမား အဖြစ်မခံနိုင်။ သူတို့ မျက်ဖြူဆိုက်လေ ငါတို့ အကွက်ဆိုက်လေမို့ တွဲမလုပ်နိုင်’ ဆိုသည့် စိတ်အခံရှိနေလျှင် ထိုနိုင်ငံရေး ယဉ်ကျေးမှု ပုံစံသစ်မှာ အသက်ဝင်မည် မဟုတ်ပေ။
စင်စစ် ဖြစ်သင့်သည်မှာ အာဏာရအစိုးရ၊ အာဏာရပါတီနှင့် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လည်းကောင်း၊ ဆန့်ကျင်သော တူရူချက်များ ရှိနေကြသည့် အမျိုးမျိုးသော အရပ်ဘက် အဖွဲ့အစည်းများ အသင်းအပင်းများသည် လည်းကောင်း နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေ၊ အမျိုးသား အကျိုးစီးပွားတို့နှင့် သက်ဆိုင်နေသော ကိစ္စရပ်များတွင် ဖြစ်နိုင်သမျှ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်တတ်သော အလေ့အထကို မွေးမြူသင့်လှသည်။ အတ္တဗဟိုပြုမှုနှင့် မာနတံခွန်ထူမှုကို ခေတ္တခဏဖြစ်စေ ချိုးနှိမ်၍ တပေါင်းတစည်းတည်း ရှိသင့်လှသည်။ နိုင်ငံရေး အဖွဲ့အစည်းများ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေနှင့် ‘မတူညီသော ကိုယ်ပိုင် ဦးတည်ချက်များကို ဆောင်ရွက် နေကြရသဖြင့် ....’ ဟု အကြောင်းမပြသင့်။ အားလုံး ကိုယ်စီတို့၏ Capacity သည် ထို့ထက်မက ရှိသည်မှာ ယုံမှားဖွယ်ပင် မရှိချေ။
နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေ၊ အမျိုးသားအကျိုးစီးပွားတို့နှင့် သက်ဆိုင်နေသော ကိစ္စရပ်များတွင် စိတ်ဝင်တစား တက်တက်ကြွကြွ ရှိသင့်လှသည်။ အနည်းဆုံးအဆင့် ‘မိမိတို့အနေနှင့် တူညီသော သဘောထားအမြင် ရှိသည်။ တူညီသော စိုးရိမ်ပူပန်မှု ရှိသည်’ ကို ထုတ်ဖော်ပြသခြင်းမျှလောက်ကိုမူ ပြုသင့်ပြုထိုက်လှ၏။ တစ်ဖက်တွင်လည်း အာဏာရ အစိုးရအနေနှင့် မိမိအဖွဲ့အစည်း အတွင်း၌ ရရှိထားသော အစိုးတရရှိမှုကို မစွန့်မလွှတ် ဖက်တွယ် ထားလိုသော၊ ကိုယ်ကျိုးစီးပွား အုပ်စုအကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် အရာရာကို ထိုးကျွေးချကျွေး လိုသော၊ နောက်ကြောင်း ပြန်လှည့်ရန်ဖြစ်စေ ရှေ့မတက် နိုင်အောင်ဖြစ်စေ ဟန့်တားနေသော ပုံစံဟောင်း အလေ့အထဟောင်း ရှိနေသူများ၏ လွှမ်းမိုးမှု ဖက်တွယ်မှုတို့မှ လွတ်ကင်းအောင် ပြတ်ပြတ်သားသား ရုန်းထွက်သင့်လှသည်။
သို့မဟုတ်ချေသော် မဝေးလှသော အနာဂတ် ဆယ်စုနှစ်များ အတွင်းမှာပင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နေပြည်တော် မြို့ပြနိုင်ငံကလေး အဆင့်သို့ လျောကျ နိမ့်ပါးသွားဖွယ် ရှိသည်။ ‘မည်သို့ပင် ဖြစ်စေကာမူ နေပြည်တော်မြို့ပြနိုင်ငံ၊ သမ္မတအိမ်တော်၊ လွှတ်တော် အဆောက်အအုံ၊ ပါတီဌာနချုပ် ရုံးခန်းအချို့နှင့် လူဦးရေ သန်းဂဏန်းမျှလောက် ကျန်ရှိနေလျှင် တော်လှပါပြီ’ ဟု သဘောထားနိုင်ပါသလား၊ ထိုသို့ သဘောထား နိုင်ပါမူ ကိစ္စမရှိချေ၊ ပြောဖွယ်မလိုချေ။
ထိုသို့ သဘောမထားနိုင်ပါမူ နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ ပိုင်နက်နယ်မြေ၊ အမျိုးသား အကျိုးစီးပွားတို့နှင့် သက်ဆိုင်နေသော ကိစ္စရပ်များတွင် ဖြစ်နိုင်သမျှ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်တတ်သော အလေ့အထ၊ အားလုံးက စိတ်ဝင်တစား ပါဝင်ဆောင်ရွက်တတ်သော အလေ့အထကို မွေးမြူသင့်လှပြီဟု တိုက်တွန်းလိုရင်း ဖြစ်သည်။
ရဋ္ဌပါလ
၁၈၊ ၇၊ ၂၀၁၄၊ တနင်္ဂနွေနေ့။
(နယ်နိမိတ်ဆိုင်ရာ အကြောင်းအရာကို Eleven Media Group ၏ Facebook စာမျက်နှာတွင် တင်ပြထားသော ‘မြန်မာ့ပိုင်နက်တွေ ဆုံးရှုံးနေပြီလား’ သတင်းဆောင်းပါးမှ ကောက်နုတ်ကိုးကားသည်။)
http://www.thevoicemyanmar.com/index.php/perspective/item/2649-npt