Tuesday, July 14, 2015
အသိမ်းအမြန်း တတ်ပါစေ
“အရေးယူချေသော် ငါ အသိမ်းအမြန်း မတတ်၍ ရိုင်းပျသည်”ဟု သူတကာ အပြစ်ဆိုလိမ့်မည်။
အဆိုပါစကားကို နှုတ်မှ ကိုယ်တိုင်ဖွင့်ဟ ပြောဆိုခဲ့ဖူးသူမှာ သက်ဦးဆံပိုင်ခေတ် ဘုရင်တစ်ပါး ဖြစ်ပါသည်။ ဘုရင်၏ အမည်မှာ ငါးစီးရှင်ကျော်စွာဟု ထင်ရှားပြီး သူရေးဖွဲ့ခဲ့သော မြင်စိုင်းရွှေပြည် ကာချင်းကဗျာသည် ယနေ့တိုင်ပင် မြန်မာစာပေနယ်၌ မကွယ်မပျောက် ကျန်ရှိနေဆဲ ဖြစ်ပါသည်။ မြင်စိုင်းရွှေပြည် ကဗျာနှင့် အဆိုပါ စကားရပ်တို့သည် သက်ဦးဆံပိုင်ခေတ်က ဘုရင်တစ်ပါး၏ စာပေလက်ရာနှင့် နှုတ်ထွက်စကားဟု ဆိုရပါမည်။ စာပေလက်ရာနှင့် နှုတ်ထွက်စကားတို့က ကျန်ရှိနေဆဲ ဖြစ်သော်လည်း ပုဂံခေတ်မှသည် ကုန်ဘောင်ခေတ် ကုန်သည့်တိုင်အောင် မြေရှင်ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အုပ်ချုပ်ရေးစနစ်အဖြစ် ထွန်းကားရှင်သန်ခဲ့သည့် သက်ဦးဆံပိုင် ဘုရင်စနစ်ကမူ ချုပ်ငြိမ်းသွားခဲ့ပါပြီ။
ယနေ့ မြန်မာတို့၏ ခေတ်သည် မြေရှင်ပဒေသရာဇ်ခေတ် မဟုတ်တော့ပါ။ အုပ်ချုပ်ရေးစနစ်သည်လည်း သက်ဦးဆံပိုင်စနစ် မဟုတ်တော့ပါ။ “ပြည်သူသာ အမိ ပြည်သူသာ အဖ”ဟု ဝန်ခံလျက် အာဏာအရပ်ရပ် သည် ပြည်သူ့ထံမှ ဆင်းသက်သော ပြည်သူအခြေပြုခေတ် ဖြစ်လာပါသည်။ အုပ်ချုပ်ရေးစနစ်သည်လည်း ပြည်သူက ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်တို့ဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်သော ဒီမိုကရေစီ စနစ်သို့ ဦးတည်ပြောင်းလဲလာခဲ့ပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သော ၂၀၁၀ နိုဝင်ဘာလ အထွေအထွေရွေးကောက်ပွဲ ရလဒ်များအရ ၂၀၁၁ မတ်လ (၃၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအသွင်ပြောင်း အစိုးရသစ်က ဤအပြောင်းအလဲကို စတင်ရုပ်လုံးဖော်ခဲ့သည်ဟု ဆိုရပါမည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက်တွင် အုပ်စိုးသူအစိုးရဆိုသည်မှာ အာဏာရှင်များ မဟုတ်တော့ဘဲ ပြည်သူကို အလုပ်အကျွေးပြု၍ ပြည်သူ့အကျိုးစီးပွားကို ဆောင်ရသည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်ပါသည်ဟု ဝန်ခံလာခဲ့ပြီး ပြည်သူအခြေပြုခေတ်နှင့် ဒီမိုကရေစီစနစ်ဆီသို့ ပီပီပြင်ပြင် ရောက်ရှိအောင် ပြုပြင်ပြောင်းလဲ ကြိုးစားဆောင်ရွက်နေကြောင်းလည်း မကြာခဏပင် ပြောဆိုခဲ့ဖူးပါသည်။ သို့နှင့်တိုင် အုပ်စိုးသူအစိုးရနှင့် ပြည်သူတို့အကြားမှ မပြေလည်မှုများနှင့် မကျေလည်မှုများကို အခါမလပ် ကြားသိ မြင်တွေ့နေရဆဲ ဖြစ်ပါသည်။ သုံးနှစ်သက်တမ်းကို ကျော်လွန်ဖြတ်သန်းလာခဲ့သော အစိုးရအဖွဲ့တစ်ခု အနေဖြင့် ပြည်သူ့ထောက်ခံမှုထက် ပြည်သူ့အလိုမကျမှုများကိုသာ ပိုမိုရရှိနေသည်ကို တွေ့မြင်နေရပါသည်။ ဆိုရလျှင် အစိုးရအဖွဲ့နှင့် ပြည်သူတို့အကြား၌ ပန်းခြောက်ရေနှူး၍ ကြည်နူးလောက်စရာ အမှတ်တရများဖြင့် သံယောဇဉ်တွယ်လောက်သည့် ဆက်ဆံရေးမျိုး မရရှိခဲ့ဘဲ ယင်းနှင့် ဆန့်ကျင်ဘက်များသာ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပန်းတောင်းတောင် သတ္ထုတူးဖော်ရေး လုပ်ငန်းခွင်အတွင်းရှိ လယ်တီသိမ်နှင့် စေတီတော်အရေး ဆန္ဒပြသံဃာတော်များ၏ သပိတ်စခန်းကို ဖြိုခွဲမှု၌ ကိုင်တွယ်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး သမီးကလေး ကျေးရွာကိစ္စ၌ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တို့၏ ဆောင်ရွက်ပုံ၊ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားသို့ သွားရောက်ခဲ့သည့် ကျောင်းဆရာမ တစ်ဦးကို ပညာရေးဝန်ကြီးဌာက အရေးယူပုံ၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မြန်မာ့ဂုဏ်ရည် အိမ်ရာနှင့် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် မြေယာသိမ်းဆည်းမှုများအပေါ် ကန့်ကွက်ဆန္ဒပြ သူများကို အရေးယူဆောင်ရွက်ပုံ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးနှင့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော တာမွေမြို့နယ် သန္တိသုခကျောင်းအရေး ကိုင်တွယ်ပုံ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရုပ်ရှင်ဂီတအနုပညာရှင်များ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံသည့် နေ့က ဆန္ဒပြကြသည့် သတင်းထောက်များကို ပုဒ်မ ၁၈ ဖြင့် အရေးယူပြီးမှ အမှုပိတ်ခဲ့ပုံ … စသည်ဖြင့် များစွာသော ကိစ္စရပ်တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ပြုမူ ဆောင်ရွက်ပုံတို့သည် ပြည်သူနှင့် အစိုးရအဖွဲ့အကြား အလှမ်းကွာဝေးမှုကို ဖြစ်ပေါ်စေပြီး ဒီမိုကရေစီ မဆန်သော လုပ်ရပ်များအဖြစ် ဝေဖန်ခြင်း ခံခဲ့ရပါသည်။
ထို့အပြင် အရပ်သားအသွင်ပြောင်း အစိုးရသစ်လက်ထက်၌ ကျယ်ကျယ်လောင်လောင် ကြားသိနေရသည် မှာ “ထွန်တုံးတိုက်ပွဲ” သတင်းများပင် ဖြစ်ပါသည်။ ယခင် တပ်မတော်အစိုးရ လက်ထက်က လယ်ယာမြေ သိမ်းဆည်းမှုများကို အလွန်အမင်း အဆမတန် ပြုလုပ်ခဲ့ရာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီ စသဖြင့် အဖွဲ့အစည်းမျိုးစုံတို့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခဲ့သည့် လယ်ယာမြေဧကပေါင်းမှာ သိန်းနှင့်ချီ၍ ရှိခဲ့ပါသည်။ အစိုးရသစ်လက်ထက်၌ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ပေးအပ်သည့် အစီအစဉ်များ ပြုလုပ်ဆောင်ရွက်နေသော်လည်း အလုံးစုံ ပြေလည်မှု မရရှိနိုင်ဘဲ “ထွန်တုံးတိုက်ပွဲ” ဆိုသည့် လှုပ်ရှားမှုများနှင့် ဝေါဟာရအသစ် တစ်မျိုးပင် ပေါ်ပေါက်လာခဲ့ပါသည်။ မကြားစဖူး “ထွန်တုံးတိုက်ပွဲ” ဆိုသည့် ဝေါဟာရမှာ လက်ဝဲသူငယ်နာ မစင်သူ ကွန်မြူနစ်ဟောင်းတို့၏ အသုံးအနှုန်း ဆန်သော်လည်း စင်စစ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြသူများမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စသည့် နိုင်ငံရေးအယူဝါဒတို့ကို နားမလည်ကြသော တောသူတောင်သား လယ်သမား ယာသမားများ ဖြစ်နေပါသည်။
အဆိုပါ ထွန်တုံးတိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေရခြင်း၏ အရင်းအမြစ်မှာ လယ်ယာမြေ သိမ်းဆည်းစဉ်က အမှန်တကယ် လိုအပ်သော အတိုင်းအတာထက် အဆမတန် ပိုလွန်သိမ်းဆည်းခဲ့ခြင်း၊ သိမ်းဆည်းခံ တောင်သူလယ်သမားတို့အား အစားထိုးမြေယာ ပြန်လည်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်မှု လုံလောက်စွာ မရှိခဲ့ခြင်း၊ ထိုက်တန်သော မြေယာလျော်ကြေး၊ အသက်မွေးဝမ်းကျောင်းသစ်နှင့် စီးပွားရေးဘဝသစ်တို့ကို ဖန်တီးပေးဆပ်ရန် ပျက်ကွက်ခဲ့ခြင်း၊ တောင်သူလယ်သမားများ၏ အကျိုးထက် အာဏာပိုင်များနှင့် နီးစပ်ရာ စီးပွားရေးလုပ်ငန်းရှင်များ၏ အလိုဆန္ဒကို လိုက်လျောခွင့်ပြုခဲ့ခြင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့အချို့နှင့်၊ ဌာနဆိုင်ရာအချို့တို့မှ အရာရှိများက မလျော်သြဇာ အသုံးပြုကာ အဓမ္မသိမ်းယူခဲ့ခြင်းတို့ပင် ဖြစ်ပါသည်။ အစိုးရသစ်လက်ထက် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ပေးအပ်ရာတွင် ယခင်က စနစ်မကျစွာ သိမ်းယူခဲ့ခြင်း၊ ရပ်/ကျေးအဆင့် ဖွဲ့စည်းထားသည့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီများက လယ်ယာမြေ ဥပဒေကို နားလည်မှုမရှိဘဲ စီမံခန့်ခွဲဆုံးဖြတ်နေရခြင်း၊ မလျော်သြဇာသုံးခြင်း၊ သမာသမတ်မကျသော ဆောင်ရွက်မှုများ ရှိနေခြင်းတို့ကြောင့် ပြဿနာများမှာ မပြေလည်သည့်အပြင် ပိုမိုရှုပ်ထွေးလာရကြောင်း ဝေဖန်သူတို့က ဆိုကြပါသည်။ အချို့ဒေသများ၌ မူလပိုင်ရှင်အဖြစ် အငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့ပါ သည်။
အဆိုပါမပြေလည်မှုများအပေါ် တောင်သူလယ်သမားများက ထွန်းတုံးတိုက်ပွဲဖြင့် တုံ့ပြန်ခဲ့ကြရာ တစ်ဖက်မှ မြေသိမ်းဆည်းထားသည့် အဖွဲ့အစည်းများကလည်း ဥပဒေကြောင်းဖြင့် ပြန်လည်အရေးယူကာ အစိုးရနှင့် တောင်သူလယ်သမားတို့ ထိပ်တိုက်တွေ့သည့် အသွင်မျိုး ဖြစ်လာခဲ့ပါသည်။ ဖြစ်ရပ်အချို့တွင်မူ သိမ်းဆည်း ထားပြီး အသုံးမပြုဘဲ ထားရှိသည့် လယ်ယာမြေတို့ကို သိမ်းဆည်းသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများက မူလပိုင်ရှင် မဟုတ်သော တောင်သူများထံ သီးစားချထားပေးခဲ့ရာ ယင်းမြေ၏ မူလပိုင်ရှင် တောင်သူများနှင့် သီးစားလုပ်သူများအကြား ပြဿနာများ ဖြစ်ပွားလာခဲ့ပါသည်။ ဤမှာပင် သီးစားလုပ် တောင်သူများမှာ နစ်နာခဲ့ကြရပြီး ထွန်တုံးတိုက်ပွဲဝင် မူလပိုင်ရှင် တောင်သူများမှာ ပြစ်မှုကျုးလွန်သူများ ဖြစ်ခဲ့ကြရပါသည်။ တောင်သူကို တောင်သူဖြင့် တိုက်သော နည်းလမ်းပင်လောဟု တွေးတောစရာ ဖြစ်လာရပါသည်။ ပြဿနာ၏ ဇစ်မြစ်မှာ သက်ဆိုင်ရာဌာနက အသုံးပြုရန် လိုအပ်ချက်ထက် ပိုမိုသိမ်းယူထားခြင်း၊ ပြန်လည် မစွန့်လွှတ်လိုခြင်းနှင့် အရာရှိအချို့၏ ကိုယ်ကျိုးရှာခြင်းတို့ပင် ဖြစ်ပါသည်။
ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြသည့် တောင်သူလယ်သမား အများစုမှာ တရားမဝင် ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်သင့်ခဲ့ရပါသည်။ တရားရင်ဆိုင်ရာတွင် တပ်မတော်က ၎င်း၏ အကျိုးတူတောင်သူခေါ် သီးစားတောင်သူများဘက်မှ အားပေးအားမြှောက် ပြုခြင်း၊ ရပ်တည်ပေးခြင်းတို့ကို ပြုမူနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး တရားစီရင်ရေးနယ်ပယ်ကိုပင် လွှမ်းမိုးနေသည့် အသွင်များ ရှိနေကြောင်း ဝေဖန်လာကြပါသည်။ အချို့ဒေသများတွင် ထွန်တုံးတိုက်ပွဲဝင် တောင်သူလယ်သမားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ တောင်သူလယ်သမားများနှင့် ရဲတပ်ဖွဲ့တို့၏ ထိပ်တိုက်တွေ့မှုများမှာ တစထက်တစ ပိုမိုပြင်းထန်လာသည့် အနေအထားဟု ဆိုနိုင်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ် အခြေစိုက် အမှတ် (၁၂၁) ထောက်ပံ့ပို့ဆောင်ရေးတပ်က ၁၉၇၃ ခုနှစ် ဝန်းကျင်ခန့်ကပင် သိမ်းယူထားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဂရိတ်ဝေါလ် ကုမ္ပဏီသို့ ကြံစိုက်ပျိုးရန် အငှားချထားသည့် မြေများနှင့်ပတ်သက်၍ စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ တောင်သူလယ်သမားများက ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့မှ စတင်၍ ထွန်းတုံးတိုက်ပွဲဝင်ခဲ့ကြသည်ဟု သိရပါသည်။ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် သိမ်းဆည်းခံ လယ်ယာမြေများဆီသို့ ဝင်ရောက်လုပ်ကိုင်ရန် လူစုနေသော ညောင်ဝန်းကျေးရွာမှ တောင်သူလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ထိပ်တိုက်တွေ့ကြရာ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရပါသည်။ ပစ်ခတ်ရာတွင် အဓိကရုဏ်းနှိမ်နင်းရေးသုံး ရော်ဘာကျည်ကို အသုံးမပြုဘဲ ကျည်အစစ်များကို အသုံးပြုခဲ့သည်ဟု ဆိုပါသည်။ ဒေသခံ တောင်သူလယ်သမားများက ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း တပ်ဖွဲ့ဝင် (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ ဆိုင်ကယ်များ ဖျက်ဆီးခံရမှုတို့အတွက် ညောင်ဝန်းကျေးရွာ အမည်ဖြင့် တစ်ရွာလုံးကို ပြန်လည်အမှုဖွင့် ထားကြောင်း သိရပါသည်။ ဤရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ရဲတပ်ဖွဲ့၏ ပြောဆိုချက်နှင့် ဒေသခံ တောင်သူ လယ်သမားများ၏ ပြောဆိုချက်တို့မှာ ကွဲပြားနေသည်ကို တွေ့ရပြီး နှစ်ဖက်စလုံးကပင် သူမှန်ကိုယ်မှန် ငြင်းခုံနေကြဆဲ ဖြစ်ပါသည်။
ကြားသိရသမျှ သတင်းများအရ ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့က ဖြစ်ပွားခဲ့သော စဉ်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ ဖြစ်ရပ်မှာ အရုပ်အဆိုးဆုံး အကျည်းအတန်ဆုံးပင် ဖြစ်ပါသည်။ အစိုးရနှင့် ပြည်သူကို ပိုမိုဝေးကွာစေသည့် အပြုအမူတစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်။ ဤ သြဂုတ်လအတွင်းမှာပင် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ခဲ့သည်ကို တွေ့ရပါသည်။ လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါလျက် လက်နက်မကိုင်သော လက်နက်မရှိသော တောင်သူလယ်သမားများအပေါ် အပစ်အခတ် စတင်ခဲ့သည့် အပြုအမူမှာ ကောင်းမွန် သော အုပ်ချုပ်ရေးစနစ်၏ ပြယုဂ် ဟုတ်မဟုတ် ဆိုသည်ကို ပြန်လည်သုံးသပ်စရာ ဖြစ်လာခဲ့ပါသည်။
အစိုးရသစ်လက်ထက်၌ သိမ်းဆည်းခံ မြေယာများပေါ်တွင် ထွန်းတုံးတိုက်ပွဲ ဆင်နွှဲမှုများကြောင့် တောင်သူ လယ်သမားအများအပြားတို့မှာ အမှုဖွင့်အရေးယူခြင်းခံကြရပြီး ထောင်ဒဏ်ကျခံခဲ့ရပါသည်။ ပြစ်မှုကျူးလွန် ခြင်းကြောင့် ထောင်ဒဏ်ကျခံရသည်ဟု ဆိုနိုင်သော်လည်း ထောင်ကျသူများမှာ ဒုစရိုက်သမား စစ်စစ်များ မဟုတ်ကြဘဲ ကျေးဇူးရှင် ဦးကြီးများအဖြစ် ခေါ်ဝေါ်ခြင်းခံကြရသည့် တောင်သူလယ်သမားများ ဖြစ်နေရာ ယင်းတို့၏ မိသားစုဘဝနှင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို ထိခိုက်ဆုတ်ယုတ်စေသည်သာ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) ပုဒ်မ ၂၃ (က) တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် ကူညီဆောင်ရွက်မည်ဟုလည်းကောင်း၊ အခန်း (၁) ပုဒ်မ ၃၆ (ဂ) တွင် နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ ဖွံဖြိုးတိုးတက်ရေး ရှေးရှုဆောင်ရွက်မည်ဟုလည်းကောင်း အတိအလင်း ပြဋ္ဌာန်းထားရာ ထွန်းတုံးတိုက်ပွဲများနှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအပေါ် အရေးယူနေမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရများကို တိမ်ကောစေရာ ရောက်မရောက် ဆိုသည်မှာ မေးခွန်းထုတ်သင့်သော အနေအထားတစ်ရပ် ဖြစ်လာခဲ့ပါသည်။ အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများကို တောင်သူလယ်သမားများ အပါအဝင် နိုင်ငံသားတိုင်း ရရှိစံစားနိုင်စေရန် မစွမ်းဆောင်နိုင်သေးသည်မှာကား အငြင်းပွားဖွယ် မရှိအောင် သေချာနေပါသည်။ ယင်းအတွက် အဖြေမှန်မှာ နှိမ်နင်းဖြိုခွဲမှုများ အရေးယူမှုများ ထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပြဿနာများ၏ ဇစ်မြစ်ကို ရှာဖွေစိစစ် ဖြေရှင်းရန်သာ ဖြစ်ပါသည်။
စင်စစ်တွင် လက်ရှိအာဏာရ အရပ်သားအသွင်ပြောင်း အစိုးရသစ်ဆိုသည်မှာ တပ်မတော် ခေါင်းဆောင် ဟောင်းများ၊ ယခင် တပ်မတော်အစိုးရ၏ လူဟောင်းများပင်ဖြစ်ရာ လယ်ယာမြေများ သိမ်းဆည်းခဲ့သည်မှာ လည်း ဤလူများနှင့် ဤအစိုးရအဖွဲ့ပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အစိုးရသစ်အနေဖြင့် သိမ်းဆည်း လယ်ယာမြေများ အပါအဝင် ပြဿနာ အတော်များများ၌ ယခင်အစိုးရဟောင်း လက်ထက်က ပုံစံဟောင်း အတိုင်းပင် ဆောင်ရွက်တုံ့ပြန်နေဆဲ ပြုမူကျင့်သုံးနေဆဲ ဖြစ်သည်ဟု မှတ်ချက်ပြုလျှင် မှန်ကန်သော မှတ်ချက်ပင်လော သို့မဟုတ် ပြင်းထန်သော စွပ်စွဲမှုပင်လော ဆိုသည်မှာ အစိုးရသစ် ကိုယ်တိုင်ကသာ ဖြေဆိုကြည့်သင့်သော မေးခွန်းတစ်ခု ဖြစ်ပါသည်။ အောက်ခြေနှင့် အလယ်အလတ် အဆင့်များ၏ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းကို အစိုးရအဖွဲ့၏ သဘောထားနှင့် ဆောင်ရွက်ချက်များအဖြစ် မှတ်ယူရန် မသင့်သော်လည်း ဖြစ်ပေါ်လာသမျှ အရာရာကို နောက်ဆုံးအဆင့် တာဝန်ယူရမည်မှာ အစိုးရအဖွဲ့ပင် ဖြစ်ပါသည်။ သို့ဖြစ်လေရာ အောက်ခြေနှင့် အလယ်အလတ် အဆင့်များ၌ ယခင်က ပုံစံဟောင်းနှင့် အမူအကျင့်ဟောင်းများ ပပျောက်ရေးကို အစိုးရအဖွဲ့အနေဖြင့် အလေးပေးဆောင်ရွက်သင့်ပါသည်။ သို့မဟုတ်ပါမူ ယင်းတို့၏ ပုံစံဟောင်းက အမူအကျင့်များအတိုင်း ဆက်လက်ပြုမူဆောင်ရွက်နေခြင်းများကို အစိုးရအဖွဲ့က သဘောကျ နှစ်သက်နေသည် လက်ခံအသိအမှတ်ပြုနေသည်ဟု ထင်မှတ်စရာ ရှိလာပါမည်။
“ပြည်သူသာ အမိ ပြည်သူသာ အဖ”ဟု ဝန်ခံထားပြီးဖြစ်သည့် ပြည်သူအခြေပြုခေတ်တွင် ပြည်သူတို့၏ စိတ်နှလုံးကို သိမ်းမြန်းတတ်ရန် အရေးကြီးသည်မှာ ထုတ်ဖော်ပြောပြဖွယ်ပင် မလိုအပ်သောအရာ ဖြစ်ပါ သည်။ သို့ဖြစ်ပါလျက် ပြဿနာ အတော်များများ၌ အစိုးရအဖွဲ့၏ ဆောင်ရွက်တုံ့ပြန်ပုံများမှာ ပြည်သူတို့၏ စိတ်နှလုံးကို သိမ်းမြန်းနိုင်စွမ်း မရှိခဲ့လေရာ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်သော ဒီမိုကရေစီအစိုးရတစ်ရပ်၏ အဆင့်အတန်းနှင့် ပြည့်မီရန်ကို မဆိုထားဘိ ရှေးပဒေသရာဇ်ခေတ် သက်ဦးဆံပိုင်စနစ်ဆီမှ ဘုရင်အချို့၏ အဆင့်အတန်းမျိုးကိုပင် လိုက်၍ မမီနိုင်သေးသည်ကို တွေ့မြင်နေရပါသည်။ မြေရှင်ပဒေသရာဇ်ခေတ်နှင့် သက်ဦးဆံပိုင်စနစ် အုပ်ချုပ်ရေးပုံစံမှာ လိုလားနှစ်သက်ဖွယ် ပြန်လည်တမ်းမက်ဖွယ် မဟုတ်ပါသော်လည်း ယင်းခေတ် ယင်းစနစ်တွင် ပေါ်ပေါက်ခဲ့ဖူးသော နှလုံးရည်ပြည့်ဝသည့် ဘုရင်အချို့၏ ပြဿနာဖြေရှင်းပုံ၊ လက်အောက်ငယ်သားနှင့် ပြည်သူတို့၏ စိတ်နှလုံးကို သိမ်းမြန်းရယူနိုင်ခဲ့ပုံများမှာ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲနေပါသည်ဆိုသော ယနေ့ခေတ် အစိုးရအဖွဲ့အတွက် အတုယူစရာ သာဓကများပင် ဖြစ်ပါ သည်။ ယင်းသာဓများအနက်မှ တစ်ခုကို ထုတ်နှုတ်ဖော်ပြသွားလိုပါသည်။
မြန်မာသက္ကရာဇ် (၇၀၄) ခုနှစ်တွင် ပင်းယ၌ ငါးစီးရှင်ကျော်စွာ နန်းတက်ခဲ့ပါသည်။ ပဒေသရာဇ်ခေတ်၏ ထုံးစံအတိုင်း မင်းဆွေမင်းမျိုးတို့မှာ ဘုရင့်ထံပါး ခစားဝန်းရံကြရပါသည်။ ရန္တသူ၊ စောမွန်နစ်၊ သီဟပတေ့၊ သင်္ခယာတို့သည် ငါးစီးရှင်ကျော်စွာထံ နေ့စဉ်မပြတ် ခစား၍ မင်းမှုရေးရာများကို တိုင်ပင်နှီးနှောကြပါသည်။ လာရောက်ခစားသူ အဆွေအမျိုးတို့အား သက်ဦးဆံပိုင် ဘုရင်အဖြစ်၌ တည်သော ငါးစီးရှင်ကျော်စွာက နေ့စဉ်မပြတ် ကိုယ်တိုင် ဖက်ဝန်းလှီး၍ လက်ဖက်ပွဲဖြင့် ဧည့်ဝတ်ပြုပါသည်။
တစ်ခါသော် ငါးစီးရှင်ကျော်စွာသည် သတိမေ့လျော့မိ၍ သီဟပတေ့အား ဧည့်ဝတ်ပြုမည့် လက်ဖက်ပွဲကို ဖက်ဝန်းမအုပ်ဘဲ တည်ခင်းမိခဲ့ပါသည်။ တစ်ရက်တည်း မဟုတ်ပါ။ သုံးရက်တိုင်တိုင် မေ့လျော့မိခဲ့ပါသည်။ ဖက်ဝန်းမအုပ်သည့်အတွက် လက်ဖက်အရသာမှာ ထူးခြားပျက်ပြယ်သွားသည်တော့ မဟုတ်ပါ။ သို့သော် ဘုရင်မင်းမြတ်ကိုယ်တိုင် လက်ဖက်ပွဲကို ဖက်ဝန်းအုပ်၍ တည်ခင်းဧည့်ခံခြင်းမှာ ထိုခေတ်၏ နန်းဓလေ့ ထုံးတမ်းအရ မြတ်နိုးချီးမြှောက်ခြင်း အရေးတယူပြုခြင်း၏ အမှတ်လက္ခဏာတစ်ခု ပြယုဂ်တစ်ခု ဖြစ်ခဲ့ ပါသည်။ ဖက်ဝန်းအုပ်သော လက်ဖက်ပွဲနှင့် ဖက်ဝန်းမအုပ်သော လက်ဖက်ပွဲတို့၏ Protocol အဆင့်ချင်းက သိသာထင်ရှား ခြားနားနေခဲ့ပါသည်။
ဖက်ဝန်းမအုပ်သည်ကို သတိပြုမိသော သီဟပတေ့သည် မိမိအတွက် တည်သော လက်ဖက်ကို မစားဘဲ စောမွန်နစ်ထံမှ လက်ဖက်ကိုသာ စားပါသည်။ စောမွန်နစ်က “အဆွေတော် သီဟပတေ့ !! အသင့်အား တည်သော လက်ဖက်ကို မစားဘဲ အကျွန်ုပ်အား တည်သော လက်ဖက်ကို စားချေသည်။ အကြောင်း အဘယ်သို့ ရှိပါသနည်း”ဟု သီဟပတေ့အား မေးပါတော့သည်။ သီဟပတေ့လည်း “အဆွေတော် စောမွန်နစ် !! ဘုရင်မင်းမြတ်သည် တစ်ပါးသူတို့အား တည်သော လက်ဖက်ပွဲတို့ကို ဖက်ဝန်းအုပ်ပေ၏။ ငါ့အား တည်သော လက်ဖက်ပွဲကိုသာ ဖက်ဝန်း မအုပ်လေ။ ဤသို့ပြုမူခြင်းသည် ငါ့အား ညီလာခံ မင်းပရိသတ် အလယ်၌ အရှက်ခွဲခြင်းသာ ဖြစ်ပေသည်။ ဘုရင်မင်းမြတ်သည် သူတစ်ထူးတို့၏ ကျေးဇူး ဥပကာရကို သိတတ်သူ ဆိုပါချေငြား ငါ၏ ကျေးဇူးကိုမူ မသိတတ်ယောင်တကား။ သို့ဖြစ်ချေ၍ ငါသည် ငါးစီးရှင်ကို ပုန်ကန်ခြားနားတော့အံ့”ဟု ရင်ဖွင့်ဖြေဆိုပါတော့သည်။
သီဟပတေ့၏ အဖြေစကားကို ကြားသိရသောအခါ စောမွန်နစ်လည်း “အဆွေတော် သီဟပတေ့ !! အလျင်မလိုပါနှင့်ဦး၊ အဆောတလျင် ပြုချေမိက အပြစ်အနာ များတတ်ချေသည်။ ဘဝရှင်မင်းကြီးထံသို့ အကျွန်ုပ် သွား၍ စူးစမ်းပါဦးမည်”ဟု ပြောဆိုပြီး နန်းတော်သို့ ဝင်၍ ငါးစီးရှင်ကျော်စွာအား ခစားပါသည်။ ထို့နောက် “အရှင်မင်းမြတ် !! အရှင်သည် သီဟပတေ့အား တည်သော လက်ဖက်ပွဲကို ဖက်ဝန်းမအုပ်မူ၍ တည်တော်မူဘိသည်။ သီသပတေ့က ဖက်ဝန်းဖြစ်သော ငှက်ပျောရွက်သည် တစ်ချင်ရွေး၏ တစ်ခြမ်းမျှပင် အဖိုးမထိုက်။ သူ့အား ညီလာခံမင်းပရိသတ်အလယ်၌ အရှက်ခွဲလို၍သာ ဖက်ဝန်းမအုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆကာ အရှင်မင်းမြတ်ကို ပုန်ကန်ခြားနားရန် ကြံစည်ခဲ့သည်”ဟု သံတော်ဦးတင်ပါသည်။ စောမွန်နစ်၏ သံတော်ဦးတင်စကားကို ကြားသိရသောအခါ ငါးစီးရှင်ကျော်စွာလည်း “အဆွေတော် စောမွန်နစ် !! မှန်၏။ ငါ သတိမေ့လျော၍ သီဟပတေ့အား တည်သော လက်ဖက်ပွဲကို ဖက်ဝန်းမအုပ်မိချေ”ဟု ဝန်ခံခဲ့ပါသည်။
အုပ်စိုးသူဘုရင်က အလိုရှိခဲ့သော် အသက်ကိုပင် နှုတ်ယူကွပ်မျက်ပစ်နိုင်သော သက်ဦးဆံပိုင်ခေတ်တွင် ငါးစီးရှင်ကျော်စွာ၏ မိမိအမှားကို ဆင်ခြင်သိမြင်ဝန်ခံတတ်ပုံမှာ သမိုင်းတွင်ခဲ့သော နှလုံးရည်ပြည့်ဝမှုပင် ဖြစ်ပါသည်။ နန်းပလ္လင်ကို ပုန်ကန်ခြားနားတော့မည့် အရေး၌ သက်ဦးဆံပိုင် နန်းသခင်ဖြစ်သော မိမိ၏ အမှားကြောင့် ဤသို့ ဖြစ်လာရသည်ဟု သမိုင်းမှတ်တမ်းတင်ရစ်မည့် ဝန်ခံစကားကို ငါးစီးရှင်ကျော်စွာသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ပင် ပြောဆိုခဲ့ပါသည်။
ထို့နောက်တွင် ငါးစီးရှင်ကျော်စွာက “အဆွေတော် စောမွန်နစ် !! သီဟပတေ့သည် ငါကဲ့သို့သော ဆင်ဖြူ ငါးစီးအရှင်ကို ပုန်ကန်ခြားနားဝံ့မည်လော၊ ငါ၏ ဘုန်းလက်ရုံးပညာတော်ကို သီဟပတေ့ မသိ၍သာ ကြံစည်မိခြင်း ဖြစ်ရာမည်။ သီဟပတေ့ကို အရေးယူချေသော် ငါ အသိမ်းအမြန်း မတတ်၍ ရိုင်းပျသည်ဟု သူတကာ အပြစ်ဆိုလိမ့်မည်”ဟု ဆက်လက်မိန့်ဆိုခဲ့ပါသည်။ ငါးစီးရှင်ကျော်စွာသည် သီဟပတေ့ကို အရေးမယူရုံမျှမက အမျက်မာန်စောင်ခြင်းမရှိ ရှေ့တော်မှောက်သို့ ခေါ်ယူတွေ့ဆုံကာ “အဆွေတော် သီဟပတေ့ !! ငါသည် အသင့်အား တည်သော လက်ဖက်ပွဲကို သတိမေ့လျော့၍ ဖက်ဝန်းမအုပ်မိချေ။ ငါ၏ ဤအပြစ်ကို အသင်က သည်းခံပါချေလော့။ အသင်သည်လည်း ငါ့ကို အထင်လွဲ၍ ပုန်ကန်ခြားနားရန် ကြံမိချေသည်။ အသင်၏ ဤအပြစ်ကိုလည်း ငါက သည်းခံပါ၏” တောင်းပန်စကားနှင့် ခွင့်လွှတ်စကား နှစ်ရပ်ကို မိန့်ဆိုခဲပါသည်။ ထို့အပြင် အုန်းပေါင်စော်ဘွား ဆက်သလာသည့် မြင်းနက်တစ်စီးကို ရွှေကကြိုးနှင့်တကွ တန်းဆာဆင်ယင်၍ သီဟပတေ့အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဤမှာပင် သီဟပတေ့၏ ပုန်ကန်ခြားနားမှုလည်း မပေါ်ပေါက်တော့ဘဲ ငြိမ်းအေးသွားခဲ့ပါသည်။ ဤသည်မှာ ရှေးပဒေသရာဇ်ခေတ် သက်ဦးဆံပိုင်စနစ်ဆီမှ ဘုရင်တစ်ပါး၏ နှလုံးရည်ပြည့်ဝပုံနှင့် သူတစ်ပါးတို့၏ စိတ်နှလုံးကို သိမ်းမြန်းရယူ နိုင်ခဲ့ပုံပင် ဖြစ်ပါသည်။
ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်သော ပြည်သူအခြေပြုခေတ်၏ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူ့ စိတ်နှလုံးကို ပို၍ပင် သိမ်းမြန်းရယူနိုင်စွမ်း နှစ်သိမ့်နိုင်စွမ်း ရှိရမည် ဖြစ်ပါသည်။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတို့၏ အစဉ်အလာတွင် အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံတော်အတွင်း၌ အဆင့်အမြင့်ဆုံး လုပ်ပိုင်ခွင့်ရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် သတ်မှတ်ကာလရှိသော ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်သာ ဖြစ်ပြီး တရားဥပဒေဆိုသည်မှာ ပြည်သူကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားရှိသောအရာ ဖြစ်သည်ဟု နိုင်ငံရေးဆရာတို့က ဆိုကြမိန့်ကြပါသည်။
ယင်းသို့သော ပြည်သူအခြေပြုခေတ်နှင့် ဒီမိုကရေစီစနစ်အောက်တွင် အဆင့်အမြင့်ဆုံး လုပ်ပိုင်ခွင့်ဖြစ်သည့် နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို ဆက်လက်ထိန်းသိမ်းထားလိုသော အစိုးရအဖွဲ့ သို့မဟုတ် ရယူလိုသော နိုင်ငံရေးပါတီတို့အနေဖြင့် ပြည်သူ့စိတ်နှလုံးကို သိမ်းမြန်းရယူနှစ်သိမ့်နိုင်စွမ်းရှိအောင် ကြိုးပမ်းကြရမည် ဖြစ်သကဲ့သို့ အစိုးရကောင်းတစ်ရပ်ကို အလိုရှိနေသော ပြည်သူတို့အနေဖြင့်လည်း ရွေးချယ်တင်မြှောက်မှု မှန်ကန်ကြရမည်ဖြစ်ကြောင်း သတိပြုမိစေချင်ပါသည်။ အမှတ်ရဖွယ် ထပ်မံဖော်ပြလိုပါ၏။
“အရေးယူချေသော် ငါ အသိမ်းအမြန်း မတတ်၍ ရိုင်းပျသည်”ဟု သူတကာ အပြစ်ဆိုလိမ့်မည်။
ရဋ္ဌပါလ
၂၂၊ ၈၊ ၂၀၁၄၊ သောကြာနေ့။
~~~~~~~~~~~~~~~~~~
http://www.thevoicemyanmar.com/index.php/perspective/item/2265-atat