Tuesday, July 14, 2015
သောကမီးစာ ပဋိပက္ခမီးစာ ဖြစ်သော ဝန်ဆောင်မှု
သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုသတင်းကို ဖတ်ပြီးသည်နှင့်ပင် မဝေးလှသော အချိန်ပိုင်းဆီက အဖြစ်အပျက် တစ်ချို့ကို ဖျတ်ကနဲ သတိရမိသည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဥပဒေအချို့ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းမှုများ နှင့် စပ်လျဉ်း၍ မတူညီသော အမြင်ရှိသူများအကြား အပြန်အလှန် ဆန့်ကျင်ငြင်းခုံမှု အရှိန်မြင့်တက်နေဆဲ အချိန် ပိုင်းဆီက အဖြစ်အပျက် တစ်ချို့ဟု ဆိုရမည်။
ထိုစဉ်က ဥပဒေပြဋ္ဌာန်းနိုင်ရေးဘက်မှ တက်တက်ကြွကြွ ဆောင်ရွက်နေသည့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ အရှင်မြတ်က မိမိထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ သတ်မည်ဖြတ်မည် စသည်ဖြင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း လူမှုကွန်ယက်စာမျက်နှာမှ ထုတ်ဖော်အသိပေးခဲ့သည်။ အလားတူပင် ဥပဒေ မပြဋ္ဌာန်းရေးဘက်မှ တက်တက်ကြွကြွ ဆောင်ရွက်နေကြသည့် မဇင်မာအောင်၊ မခင်လေး၊ မမေစံပယ်ဖြူ၊ ဒေါ်ခွန်ဂျာ စသည့် အမျိုးသမီးများထံသို့လည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း သတင်းမီဒီယာများမှတစ်ဆင့် သိခဲ့ရဖူးသည်။ တယ်လီဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ကြသူများသည် ဆရာတော်သံဃာတော်အပေါ်၌လည်း ရဟန်းသံဃာနှင့် မလျော်သည့် အခေါ်အဝေါ် အသုံးအနှုန်းများဖြင့် ရင်းသီးရိုင်းပျ ခြိမ်းခြောက်ခဲ့ကြကြောင်း သိရသည်။ အမျိုးသမီးများအပေါ်၌လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လက်မခံနိုင်သည့် စကားအသုံးအနှုန်းများဖြင့် ဆဲရေးပြစ်တင် ခြိမ်းခြောက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အင်တာနက် ချိတ်ဆက်ထားသော လက်ကိုင်ဖုန်းများတွင် အသုံးပြုနိုင်သည့် Viber ကုမ္ပဏီ၏ Free Text ဝန်ဆောင်မှု Software စနစ်ကို အသုံးပြု၍ ဆဲရေးခြိမ်းခြောက်စာ၊ ညစ်ညမ်းစာနှင့် ညစ်ညမ်းဓာတ်ပုံများ ပို့ခဲ့ကြသည်ဟုလည်း သိရသည်။ တိုးတက်လာသော နည်းပညာသစ်များဖြင့် ပေးပို့ဆက်သွယ်သူ၏ ဖုန်းနံပါတ် အမှန်ကို မသိနိုင်အောင် ပြည်ပဖုန်းနံပါတ်အသွင်ဖြင့် ပေးပို့ဆက်သွယ်မှုမျိုးလည်း ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ဆဲရေးခြိမ်းခြောက် နှောင့်ယှက်စော်ကားသည့် ဒဏ်များကို ဆရာတော် ဦးဝီရသူသည်လည်း ကြုံတွေ့ခဲ့ရသည်။ မဇင်မာအောင်၊ မခင်လေး၊ မမေစံပယ်ဖြူ၊ ဒေါ်ခွန်ဂျာ စသည့် အမျိုးသမီးများသည်လည်း ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
ဤမှာပင် “ဆဲရေးခြိမ်းခြောက် နှောင့်ယှက်စော်ကားသူများသည့် မည်သည့်ဘက်က သူများ ဖြစ်သည်” စသည်ဖြင့် သဘောထားအမြင် မတူညီသည့် တစ်ဖက်အင်အားစုများထံ လက်ညှိုးညွှန် စွပ်စွဲစရာ ဖြစ်လာခဲ့သည်။ စင်စစ်တွင် မည်သူမှန်းလည်း မသိရ မည်သည့်နေရာမှ ဆက်သွယ်နေမှန်းလည်း မသိရသည် ဖြစ်ရာ ထင်တိုင်းမသွေ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စု တစ်စုတည်းကပင် သည်ဘက်ပုဂ္ဂိုလ်များသို့ တစ်မျိုး ဟိုဘက်ပုဂ္ဂိုလ်များသို့ တစ်ဖုံ လှည့်ပတ်မွှေနှောက်၍ အမုန်းတရား အရှိန်မြင့်တက်စေအောင် ဖန်တီးနိုင်သော အခြေ အနေမျိုးပင် ဖြစ်ပေရာ “မိမိထံ ဆက်သွယ်၍ ဆဲရေးခြိမ်းခြောက် နှောင့်ယှက်စော်ကားသူမှာ မိမိတို့နှင့် သဘောထား အမြင် မတူညီသည့် တစ်ဖက်အင်အားစုမှ ဖြစ်သည်”ဟု တစ်ထစ်ချ တပ်အပ်သေချာ ပြောနိုင်မည် မဟုတ်ချေ။
သို့နှင့်တိုင် အဆိုပါ ဆဲရေးခြိမ်းခြောက် နှောင့်ယှက်စော်ကားသူများကို မည်သူမည်ဝါများဟု တိတိကျကျ မိမိရရ ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်းကိုကား ယခုအချိန်အထိလည်း မကြားသိရသေးချေ။ ဆက်သွယ်ရေးနည်းပညာနှင့် တရားဥပဒေစိုးမိုးမှု နိမ့်ကျခြင်း၏ အကျိုးဆက်ဟုပင် ဆိုရမည်။ အဆိုပါ ဖြစ်ရပ်များကဲ့သို့ လူသိထင်ရှား ဟိုးလေး တကျော် ဖြစ်မလာသော်လည်း တယ်လီဖုန်းဖြင့် အလားတူ နှောင့်ယှက်စော်ကားမှုကို ခံကြရသည့် အမျိုးသမီးများ အကြောင်းကို မကြာခဏဆိုသလိုပင် ကြားသိဖတ်ရှုနေရသည်။ ယင်းသို့သော နှောင့်ယှက်စော်ကားခြင်းများအပေါ် တရားဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူနိုင်မည့် အနေအထား၊ နှောင့်ယှက်စော်ကားခြင်းများမှ အကာအကွယ် ပေးနိုင်မည့် အနေအထားမှာလည်း ဝေးနေသေးသည် မသေချာမရေရာသေးဟုပင် ဆိုရလိမ့်မည်။
ဤအဖြစ်အပျက်များကို သတိရမိ တွေးတောမိစေသည့် သတင်းတစ်ပုဒ်ဆိုသည်မှာ Ooredoo ကုမ္ပဏီ၏ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ခုအကြောင်း ဖော်ပြထားသည့် သတင်းပင် ဖြစ်သည်။ အဆိုပါသတင်းတွင် ဖုန်းလက် ခံနားထောင်သူဘက်မှ ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိစေနိုင်သည့် CLIR ဝန်ဆောင်မှုကို Ooredoo ကုမ္ပဏီက တစ်လအတွက် ကျပ် ၂၅၀၀ နှုန်းဖြင့် ပေးမည်ဖြစ်ကြောင်း ဖော်ပြထာသည်ကို ဖတ်ရှုရသည်။ နည်းပညာ တိုးတက်မှုတစ်ရပ်အဖြစ် လက်ခံအသိအမှတ်ပြုရမည် ဖြစ်သော်လည်း အဆိုပါ နည်းပညာနှင့် ဝန်ဆောင်မှုသည် လူ့အဖွဲ့အစည်းတွက် ကောင်းကျိုးနှင့် ဆိုးကျိုး မည်သည်ကို ပေးစွမ်းနိုင်မည်နည်း ဆိုသည်ကိုမူ ဆင်ခြင်သုံးသပ်ရ လိမ့်မည်။
၁။ လူတိုင်းသည် မိမိထံ တယ်လီဖုန်း ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို သိမြင်ခွင့် ရှိရမည်။ ဤသည်မှာ တယ်လီဖုန်း သုံးစွဲသူတိုင်း၏ အခြေခံအခွင့်အရေး တစ်ခုဖြစ်သည်။ ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင် နိုင်သည့် နည်းပညာဝန်ဆောင်မှုသည် တယ်လီဖုန်း သုံးစွဲသူတို့၏ အခြေခံအခွင့်အရေးကို ချိုးဖောက်ရာရောက်သော ဝန်ဆောင်မှု ဖြစ်သည်။
၂။ ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင်နိုင်သည့် နည်းပညာဝန်ဆောင်မှုသည် တယ်လီဖုန်းဖြင့် ဆဲရေး ခြိမ်းခြောက် နှောင့်ယှက် စော်ကားလိုသူများ၊ အမုန်းတရားနှင့် ပဋိပက္ခ ဖန်တီးလိုသူများအတွက် အခွင့်အလမ်း ပိုမို ရရှိစေမည့်၊ ပိုမို ရဲတင်းလာစေမည့် အနေအထား တစ်ရပ်ကို ရရှိစေသည်။
၃။ အဆိုပါ နည်းပညာဝန်ဆောင်မှုကြောင့် အမျိုကောင်းသား အမျိုးကောင်းသမီးများထံ ရင်းသီးရိုင်းပျသည့် ဖုန်းခေါ် ဆိုမှုများ၊ ဆဲရေးခြိမ်းခြောက် နှောင့်ယှက်မှုများ၊ ဣနြေ္ဒသိက္ခာကို ပျက်ပြားထိခိုက်စေသည့် ဆက်သွယ်မှုများ ရောက်ရှိ လာရန် အခွင့်အလမ်း များပြားစေသည်။
၎။ အဆိုပါ နည်းပညာဝန်ဆောင်မှုကို အသုံးချ၍ မည်သူမှန်းလည်း မသိရ မည်သည့်နေရာက ဆက်သွယ်နေမှန်းလည်း မသိရသည့် တယ်လီဖုန်းပေါ်မှ ဆဲရေးခြိမ်းခြောက် နှောင့်ယှက်မှုများကြောင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ မတူညီ သော ယုံကြည်ကိုးကွယ်မှု ရှိသူများ၊ မတူညီသော သဘောထားအမြင် ရှိသူများ အကြားတွင် တစ်ဖက်နှင့် တစ်ဖက် အထင်အမြင် လွဲမှားစေမည့် လုပ်ကြံဖန်တီးမှုများ ဖြစ်ပေါ်လာရန် အခွင့်အလမ်း များပြားစေသည်။
၅။ အဆိုပါ နည်းပညာဝန်ဆောင်မှုကြောင့် ဖြစ်ပေါ်လာမည့် လူမှုပြဿနာ အရှုပ်အထွေးများ၊ အထင်အမြင် လွဲမှားမှုများ၊ ပဋိပက္ခများကို ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေး ကုမ္ပဏီကဖြစ်စေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဖြစ်စေ တားဆီးဖြေရှင်း ပေးနိုင်မည့် အလားအလာမှာ နည်းပါးခဲယဉ်းနေသည်။ – သို့ဖြစ်ရာ ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိစေ နိုင်သည့် အဆိုပါနည်းပညာနှင့် ဝန်ဆောင်မှုသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးနိုင်သည်ဟု ဆင်ခြင်သုံးသပ်သည်။
ထို့ကြောင့် အဆိုပါ ဝန်ဆောင်မှုကို ပေးမည်ဟု ရည်ရွယ်လုပ်ဆောင်နေသော ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် ယင်း ဝန်ဆောင်မှုကို မစတင်မိစေရန်နှင့် စတင်ပြီးသား ဖြစ်လျှင် ရပ်စဲရန် လိုအပ်သည်။ မည်သည့် ဆက်သွယ်ရေး ကုမ္ပဏီ ပင်ဖြစ်စေ သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိပါးစေနိုင်သည့် အလားတူ ဝန်ဆောင်မှု များ ပေးခြင်းကို မပြုလုပ်ရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီများက သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိပါးစေနိုင်သည့် ဝန်ဆောင်မှုများ ပေးခြင်းကို တားမြစ် ပိတ်ပင်ရန်လိုအပ်သည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ကြည့်ရှု ထိန်းညှိရန် လိုအပ်သည်။ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း လုံခြုံတည်ငြိမ်မှုကို ထိပါးစေနိုင်သည့် ဝန်ဆောင်မှုများကို ကန့်ကွက်တားဆီးရန် လိုအပ်သည်။
စင်စစ်တွင် ဆက်သွယ်ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင်နိုင်သည့် အဆိုပါ နည်းပညာဝန်ဆောင်မှုနှင့် အလားတူ ဝန်ဆောင်မှုများသည် သောကမီးစာများ ပဋိပက္ခမီးစာများ ဖြစ်သည့်အတွက် အလိုမရှိအပ်သော ဝန်ဆောင်မှုများသာ ဖြစ်ကြောင်း သိစေအပ်ပေသည်။
ရဋ္ဌပါလ
၁၅၊ ၉၊ ၂၀၁၄၊ တနင်္လာနေ့။
~~~~~~~~~~~~~~~~~
http://www.thevoicemyanmar.com/index.php/perspective/item/2795-tkm