Tuesday, July 14, 2015
အလဲအထပ် မပြုစေလိုပါ ဘုရား
၂၀၁၄ ခုနှစ် မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ရေးသားထားသော The Voice Weekly ၏ သတင်းတစ်ပုဒ်ကို ဖတ်ရှုရပါသည်။ သတင်းခေါင်းစဉ်ကို “ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့်ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို” ဟု ရေးသားထားသည်ကို တွေ့ရသဖြင့် သတိထား ဖတ်ရှုလိုက်မိပါသည် ဘုရား။
“လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက်မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်” ဟု ဖတ်ရှုရပြီး “အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့်အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားကြောင်း ရေးသားထားသည်ကို တွေ့ရပါသည် ဘုရား။
သတင်းတင်ပြထားပုံအရ သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေးအတွက် ဆောင်ရွက်လိုသော သဘောထားမှာ မဘသ (ဗဟို) ၏ တရားဝင် ဆုံးဖြတ်ချက် မဟုတ်သေးဘဲ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ၏ သဘောထား ဖြစ်သည်ဟု သုံးသပ်သိရှိရပါသည်။ များမကြာမီမှာပင် သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေးအတွက် တင်ပြတောင်းဆိုမည် ဆိုသည့် သဘောထားမှာ အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ သဘောထား မဟုတ်ဘဲ ဆရာတော် ဦးပါမောက္ခ တစ်ပါးတည်း၏ သဘောထားသာ ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြချက်များကို သတင်းစာမျက်နှာများတွင် ဆက်လက် ဖတ်ရှုရပါသည် ဘုရား။
ယင်းအချိန်နှင့် မရှေးမနှောင်းမှာပင် ဆရာတော် ဦးဝီရသူက “သံဃာတော်များ မဲပေးခွင့် ရရှိရေးအတွက် မိမိအနေဖြင့် စတင်တောင်းဆိုမည် မဟုတ်ကြောင်း၊ သို့ရာတွင် သံဃာအများစုက တောင်းဆိုလာလျှင် မိမိလည်း ပါဝင် တောင်းဆိုသွားမည် ဖြစ်ကြောင်း” မိန့်ဟရေးသားခဲ့သည်ကို ဖတ်ရှုရပြန်ပါသည် ဘုရား။
အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ နှစ်ပတ်လည် ညီလာခံ ကျင်းပချိန်၌ကား အဆိုပါ “သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေး” အတွက် တစ်စုံတစ်ရာ တင်ပြကြခြင်း ဆွေးနွေး ဆုံးဖြတ်ကြခြင်းကို မကြားသိခဲ့ရပါ။ ထို့ကြောင့်ပင် သံဃာတော်များ မဲပေးခွင့်ရရှိရေး တောင်းဆိုလိုသော သဘောထားမှာ အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ သဘောထား မဟုတ်ကြောင်းကို ပိုမိုထင်ရှားခဲ့ပြီး အဆိုပါ သတင်းလည်း ခေတ္တတိတ်ဆိတ် နေခဲ့ပါသည်။ တောင်းဆိုမည်ဟု စတင်ဖွင့်ဟခဲ့သော ဆရာတော် ဦးပါမောက္ခ ကိုယ်တိုင်ကလည်း ထိုအရေးအရာနှင့် စပ်လျဉ်း၍ ထပ်မံ မိန့်ဟသည်ကို မကြားသိရတော့ပါဘုရား။
သို့ရာတွင် ၂၀၁၄ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင်မူ ခေတ္တတိတ်ဆိတ် နေခဲ့သော အဆိုပါ “သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေး” အခြင်းအရာသည် သတင်းစာမျက်နှာများပေါ်သို့ ပြန်လည် တက်ရောက်လာပြန်ပါသည်။ တောင်ငူမြို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွင် ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေးအဖြေ ပြုလုပ်ရာ၌ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝဲကြီးကျေးရွာမှ ဆရာတော် ဦးတိလောက၏ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “ရဟန်းသံဃာတော်များ မဲပေးခွင့် ဖယ်ထားသည့် ဥပဒေပုဒ်မကို ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများဆန္ဒအရ ပြောင်းလဲနိုင်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်လျှင် သံဃာတော်များ မဲပေးခွင့် ရရှိလာစေမည် ဖြစ်ကြောင်း” ဖြေဆိုခဲ့သည်ဟု သတင်းစာမျက်နှာများတွင် ဖတ်ရှုရပြန်ပါသည် ဘုရား။
ထို့နောက်တွင်တော့ မန္တလေး ပဋိပက္ခသတင်းများ၊ မပြီးပြတ်သေးသော သန္တိသုခ ပြဿနာသတင်းများက လွှမ်းမိုးသွားပြီး “သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေး” တောင်းဆိုမည့်ကိစ္စမှာ ပြန်လည် တိတ်ဆိတ် သွားပြန်ပါသည် ဘုရား။
မည်သို့ပင်ဖြစ်စေ အဆိုပါ “သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေး” အကြောင်းအရာမှာ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သာသနာအနွယ်ဝင် သီလရှင်များ အတွက်ရော သာသနာတော်ကို မှီခိုကြည်ညို ထောက်ပံ့နေကြသူ ဒကာ ဒကာမများ အတွက်ပါ Message တစ်ခု၊ စဉ်းစားစရာတစ်ခု ဖြစ်လာရသည်မှာတော့ သေချာခဲ့ပါသည် ဘုရား။
သို့ဖြစ်လေရာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သာသနာ အနွယ်ဝင် သီလရှင်များ အနေဖြင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးရန် သင့်၊ မသင့်၊ ဆန္ဒမဲပေးခွင့်ကို ရယူရန် သင့်၊ မသင့် ဆိုသည်များကို ဆက်လက် စဉ်းစားမိပါတော့သည် ဘုရား။
၁။ မြတ်ဗုဒ္ဓ သာသနာတော်တွင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာအနွယ်ဝင် သီလရှင်များ) သည် ဘာသာသာသနာ၏ ရှေ့ဆောင် ရှေ့ရွက် ဦးစီးခေါင်းဆောင် ပုဂ္ဂိုလ်များ “ဆရာများ” ဖြစ်ကြပါသည်။ ရွေးကောက်ခံ နိုင်ငံရေးသမားများ ပါတီအဖွဲ့အစည်းဝင်များ ဖြစ်ကြသည့် ဒကာ ဒကာမများသည် “တပည့်များ” ဖြစ်ကြပါသည်။ ဤသည်မှာ မြတ်ဗုဒ္ဓ သာသနာတော် ရှုထောင့်မှ ရပ်တည်၍ ကြည့်ရှုလျှင် ငြင်းဆို၍ မရအောင် ထင်ရှားနေသော “ဆရာ + တပည့်” ဆက်ဆံရေးပင် ဖြစ်ပါသည် ဘုရား။
၂။ မြတ်ဗုဒ္ဓရှင်တော်သည် လူမျိုး အသားအရောင် အဆင့်အတန်း ကိုးကွယ်မှု အယူဝါဒ မတူညီကြသော လောကသား အားလုံးအပေါ်၌ မကွဲမပြား တစ်သားတည်း တန်းတူရည်တူ သဘောထားတော်မူကာ သဒ္ဓမ္မ ထွန်းကားရေးကို ရှေးရှုတော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသာသနာတော်၏ ရှေ့ဆောင်ရှေ့ရွက် ဦးစီးခေါင်းဆောင် ပုဂ္ဂိုလ်များ “ဆရာများ” ဖြစ်ကြသော သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာ အနွယ်ဝင် သီလရှင်များ) အနေနှင့် ဤလမ်းစဉ်မြတ်မှ ချွတ်ချော်တိမ်းပါး မသွားရအောင် ထိန်းထားကြရမည်သာ ဖြစ်ပါသည်။ မည်သည့် ပါတီ မည်သည့် ကိုယ်စားလှယ်အပေါ်မဆို မကွဲမပြား တစ်သားတည်း တန်းတူရည်တူ သဘောထားနိုင် ဆက်ဆံနိုင်ရမည် ဖြစ်ပါသည်။ သဒ္ဓမ္မမှ လွဲဖယ်နေသော၊ သဒ္ဓမ္မနှင့် ကင်းလွတ်နေသော နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်တို့ကို သဒ္ဓမ္မလမ်းစဉ်သို့ သက်ဝင် ချဉ်းကပ်လာစေရန် စည်းရုံးသွန်သင် ပဲ့ပြင် ထိန်းကျောင်းသွားကြရမည်သာ ဖြစ်ပါသည် ဘုရား။
၃။ “ဆရာ” ဟူသော အဆင့်အတန်း၌ တည်နေသည့် ရဟန်းတော်တို့ အနေနှင့် မည်သည့်ပါတီ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဆရာ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်တို့နှင့်အညီ ပဲ့ပြင်ဆုံးမ သြဝါဒပေးခွင့် ရရှိနေပါသည်။ လောကကျင့်ဝတ် ဓမ္မကျင့်ဝတ်မှ တိမ်းစောင်း ချွတ်ချော်သွားသော မည်သည့်ပါတီ မည်သည့် နိုင်ငံရေးသမားကိုမဆို မညှာမထောက် ဝေဖန်တည့်မတ်ပေးနိုင်ခွင့်ကို ရရှိနေပါသည်။ ရဟန်းတော်များဘက်မှ သမာဓိဂုဏ်ရည် မေတ္တာ ဂုဏ်ရည် သင်္ဂဟဂုဏ်ရည် ပဋိသန္ထာရ ဂုဏ်ရည်များ မြင့်မားလျှင် မြင့်မားသလောက် အရာရောက်မှု ကြီးမားမည်မှာ ယုံမှားသံသယရှိဖွယ် မလိုပါဘုရား။
၎။ အကယ်၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာ အနွယ်ဝင် သီလရှင်များ) အနေနှင့် ဒကာ ဒကာမအများ နည်းတူ ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် လက်ရှိ ရရှိထားသော ဆရာဆိုသည့် အဆင့်အတန်းကို စွန့်လွှတ်ရပါလိမ့်မည်။ “မည်သည့်ပါတီ မည်သည့် ကိုယ်စားလှယ်လောင်းကို ထောက်ခံသူ၊ မည်သည့်ပါတီ မည်သည့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သူ၊ မည်သည့် ဘက်တော်သား” ဆိုသည့် သာမန် မဲဆန္ဒရှင် အဆင့်အတန်းသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ သဘာဝအားဖြင့် ဆိုရလျှင် မဲဆန္ဒရှင်တို့၏ သြဇာလွှမ်းမိုးမှုသည် သူတို့ ထောက်ခံမဲ ပေးလိုက်သည့် ပါတီနှင့် ကိုယ်စားလှယ်များ အပေါ်၌သာ သက်ရောက်နိုင်ပြီး သူတို့ မထောက်ခံသည့် ပါတီများ ကိုယ်စားလှယ်များ၏ လျစ်လျူရှုခြင်း အရေးမလုပ်ခြင်းကို ခံကြရတတ်သည်သာ ဖြစ်ပါသည် ဘုရား။
၅။ အကယ်၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာ အနွယ်ဝင် သီလရှင်များ) အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် မလွဲမသွေပင် ပါတီများ၏ စည်းရုံးခြင်း မဲဆွယ်ခြင်းကို ကြုံတွေ့ရမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် တက်၍ ပါတီများ ကိုယ်စားလှယ်များအတွက် ရဟန်းတော်များ (သီလရှင်များ) ကိုယ်တိုင်က စည်းရုံးပေးကြ မဲဆွယ်ပေးကြသည့် အဖြစ်မျိုးသို့ ရောက်သွားနိုင်ခြေမှာ အလှမ်းမဝေးတော့ပါ။ ပါတီစွဲ ပုဂ္ဂိုလ်စွဲများနှင့် မတူညီသော ယုံကြည်ချက်များ မတူညီသော အတွေးအမြင် လမ်းစဉ်များကြားဝယ် “သမဂ္ဂါနံ တပေါ သုခေါ” ဟူသော အနေအထားကို လက်လွှတ်ဆုံးရှုံး ကြရပါလိမ့်မည်။ ယနေ့ ညီညွတ်နေပါသည် ဆိုသော သံဃာ့အသင်းအပင်းများ ရှေ့ဆောင် ပုဂ္ဂိုလ်များအကြားတွင် အက်ကြောင်းထင်ကာ ကွဲပြားပြိုလဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည် ဘုရား။
၆။ အကယ်၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာ အနွယ်ဝင် သီလရှင်များ) အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတို့၏ အသုံးချခြင်းကို ကြုံတွေ့နိုင်ကဲ့သို့ ကိုယ်ကျိုးရှာတတ်သော သင်္ကန်းဝတ်များအတွက် အခွင့်အရေးကောင်းကို ပေးအပ်လိုက်ရာ ရောက်သွားနိုင်ပါသည်။ ထိုသို့သော ပုဂ္ဂိုလ်များ အချင်းချင်း လက်တွဲမိသွားပါက အနည်းဆုံးအားဖြင့် တစ်ရပ်တစ်ရွာ တစ်မြို့နယ် အတွင်းရှိ ပြည်သူအပေါင်း ဆင်းရဲကြောင်း စင်စစ်သာ ဖြစ်ပါလိမ့်မည်။ ထိုအဖြစ်မျိုး ကြုံလာခဲ့ရပါလျှင် ပါတီနိုင်ငံရေး၌ သက်ဝင်နေသော ရဟန်းတော်များ အနေနှင့် ဖြေရှင်းပေးနိုင်ခွင့် နည်းပါးနေပါလိမ့်မည်။ ကိုယ်ကျိုးရှာသူကို ကိုယ်ကျိုးမရှာသူက ပြစ်တင်တားမြစ်ခြင်း ဖြစ်စေကာမူ “ပါတီစွဲ ပုဂ္ဂိုလ်စွဲဖြင့် တစ်ဖက်ကို အပုပ်ချသည် စွပ်စွဲကဲ့ရဲ့သည် အကွက်ဆင်သည်” ဟုပင် ထင်မှတ်ကြစရာ ရှိပါသည်။ ထိုအဖြစ်မျိုးကို ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမှ ကင်းရှင်းသော ရဟန်းတော်များကသာလျှင် ပိုမို ဆောင်ရွက်ပေးနိုင်ပါလိမ့်မည် ဘုရား။
၇။ ပါတီနိုင်ငံရေး၏ အရှိန်လွန် အားပြိုင်မှုများသည် တစ်မိုးအောက်တွင် အတူတကွ နေထိုင်ကြသော မိသားစု ညီအစ်ကို မောင်နှမများအထိပင် သက်ရောက်ရိုက်ခတ်နိုင်စွမ်း ရှိပါသည်။ ထိုကာလမျိုးတွင် ညီအစ်ကိုချင်း စိတ်ဝမ်းကွဲ၊ သားအဖချင်း အငြင်းပွား၊ သားအမိချင်း မျက်နှာချင်းမဆိုင်ကြသော အဆင့်မျိုးအထိပင် ရောက်တတ်ပါသည်။ ပါတီချင်း အားပြိုင်မှုကို အစပြု၍ မဲဆန္ဒရှင် ပြည်သူများအကြား၌ ပဋိပက္ခများ အကြမ်းဖက်မှုများ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ ယင်းအခြေအနေမျိုး ပေါ်ပေါက်လာလျှင် ကိုယ်တိုင်က ပါတီတစ်ခုခုကို ထောက်ခံထားသော (ပါတီစွဲ ရှိနေသော) ရဟန်းတော်များ အနေနှင့် ပဋိပက္ခ ပြေငြိမ်းရေး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးကို သြဇာရှိရှိ ဖြန့်ကြက်ဆောင်ရွက် ဖျန်ဖြေပေးနိုင်မည် မဟုတ်ပါ။ ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမှ ကင်းရှင်းသော ရဟန်းတော်များကသာလျှင် ပိုမိုဆောင်ရွက်ပေးနိုင်ပါလိမ့်မည် ဘုရား။
၈။ အကယ်၍ မျက်မှောက်ခေတ် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ (သာသနာ အနွယ်ဝင် သီလရှင်များ) အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် နောင်အနာဂတ်ဝယ် မည်သို့ ဆက်လက် ဖြစ်ပေါ်လာနိုင်ပါသနည်း၊ အနာဂတ် မျိုးဆက်သစ် သာသနာ့ ဝန်ထမ်းများ အနေနှင့် ရရှိထားသော ဆန္ဒမဲပေးခွင့်ဖြင့်သာ နေမြဲနေသွားကြမည်လော၊ သို့မဟုတ် ဆန္ဒမဲပေးခွင့်မျှဖြင့် မရောင့်ရဲနိုင်ဘဲ ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့် ရရှိရေးအထိ ဦးတည်သွားကြမည်လော၊ ဤအချက်ကိုလည်း အလေးအနက် စဉ်းစားရပါမည်။ အနာဂတ်ကာလဝယ် သာသနာ့ဝန်ထမ်းများ အနေနှင့် ဥပဒေပြုလွှတ်တော်သို့ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းကြ တောင်းဆိုကြမည် ဆိုပါလျှင် နိုင်ငံရေး မတည်ငြိမ်မှု၏ အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိသွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်၌ ထိုကဲ့သို့သော နေ့ရက်မျိုး ကြုံတွေ့လာရမည် ဆိုပါလျှင် အရင်းခံ အကြောင်းတရားမှာ ယနေ့တောင်းဆိုနေသော “သာသနာ့ ဝန်ထမ်းများ ဆန္ဒမဲပေးခွင့် ရရှိရေး” ပင် ဖြစ်ပါလိမ့်မည် ဘုရား။
၉။ ထို့အပြင် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ အသက်ဖြစ်သော ဝိနည်းတော်နှင့်ညီ၊ မညီ ဆိုသည်မှာ အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါသည်။ ယင်းအတွက် အဖြေကို ၁၉၄၆ (၁၃၀၈) ခုနှစ်တွင် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီး၌ တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ) က တစ်ကြိမ် ဖြေရှင်း ဆုံးဖြတ်ထားသည်ကို တွေ့မြင်နိုင်ပါသည် ဘုရား။
၁၀။ ၁၉၄၆ (၁၃၀၈) ခုနှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် “သံဃာတော်များနှင့် သီလရှင်များ မဲဆန္ဒပေးခြင်းကို ဘုရားရှင် ပညတ်တော် မူအပ်သော ဝိနည်းဒေသနာတော်မြတ်နှင့် ဆန့်ကျင်ပြီး သံဃာကွဲပြားမှု ဖြစ်စေ၍ သာသနာတော်၏ ညှိုးနွမ်းဆုတ်ယုတ်ခြင်းကို ဖြစ်စေလျက် သာသနာတော်အား ထိခိုက်စေတတ်သောကြောင့် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက လေးနက်စွာ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆုံးဖြတ်ချက်၌လည်း ၁၉၄၆ (၁၃၀၈) ခုနှစ် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်ဟု ထပ်တူထပ်မျှပင် ဆုံးဖြတ်ခဲ့ပါသည် ဘုရား။
ဆုံးဖြတ်ချက် နှစ်ရပ်နှင့် စပ်လျဉ်း၍ မှတ်သားဖွယ် ကောင်းသည်မှာ ၁၉၄၆ (၁၃၀၈) ခုနှစ် ဆုံးဖြတ်ချက်သည် ဗြိတိန်ပါလီမန်က ပြင်ဆင်ချက်ဖြင့် ပေးသော “ဗုဒ္ဓဘာသာ ရဟန်းတော် သီလရှင်များ မဲပေးခွင့်” ကို မရယူလို၍ သာသနာ့အရေး မျှော်တွေးတော်မူခဲ့ကြသော သံဃာတော်များ မထေရ်ကြီးများ ကိုယ်တိုင်က ကန့်ကွက်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ထိုဆန္ဒမဲ ပေးရေးအတွက်ပင် ထပ်မံဆုံးဖြတ်ပေးရန် ဆွေးနွေးကြစဉ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တခမာဝုဓ ဆရာတော်ဘုရားကြီးက “သံဃာတော်များနှင့် သီလရှင်များ ဆန္ဒမဲပေးခြင်းကို ဘုရားရှင် ပညတ်တော်မူအပ်သော ဝိနည်းဒေသနာတော်မြတ်နှင့် ဆန့်ကျင်ပြီး သံဃာကွဲပြားမှု ဖြစ်စေ၍ သာသနာတော်၏ ညှိုးနွမ်း ဆုတ်ယုတ်ခြင်းကို ဖြစ်စေလျက် သာသနာတော်အား ထိခိုက်စေတတ်သောကြောင့် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက လေးနက်စွာ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်တစ်ရပ် ရှိခဲ့ပြီး ဖြစ်ပါသည်။ တပည့်တော်တို့သည် ရွှေကျင်၊ သုဓမ္မာ၊ ဒွါရ မိမိတို့၏ ဆရာသမားများ၏ သြဝါဒတော်အတိုင်း လိုက်နာရန်သာ ဖြစ်ပါသည်” ဟု မိန့်ကြားတော်ခဲ့ပါသည် ဘုရား။
သို့ဖြစ်ပါ၍ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော နိုင်ငံ့အရေးအရာများကို ဆောင်ရွက်ပေးလိုသည့် ရဟန်းတော်များ အနေနှင့် “ဆန္ဒမဲပေးခွင့် ဆိုသည်မှာ မရရှိသောအခွင့်အရေး မဟုတ်၊ ဆုံးရှုံးနေသော ပိတ်ပင်ခံ ထားရသော အခွင့်အရေးလည်း မဟုတ်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အနေနှင့် မအပ်စပ် မသင့်လျော်သောကြောင့် ဆရာမြတ်တို့ အစဉ်အဆက် စွန့်လွှတ်ရှောင်ကြဉ်ခဲ့သော အရာဖြစ်သည်” ဟု သိမြင်လက်ခံနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အနေနှင့် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော နိုင်ငံ့အရေးအရာများကို ဆောင်ရွက်ပေးခွင့် မရှိသည် မဟုတ်။ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ပေးခွင့် ရှိနေသည်ကိုလည်း သိမြင်လက်ခံနိုင်မည် ဖြစ်ပါသည်။ “ဆရာ + တပည့်” ဆက်ဆံရေးတွင် “ဆရာ” ဟူသော အဆင့်အတန်း၌ သိက္ခာတရား မြင့်မြင့်မားမားဖြင့် ရပ်တည်၍ သမာဓိဂုဏ်ရည် မေတ္တာဂုဏ်ရည် သင်္ဂဟဂုဏ်ရည် ပဋိသန္ဓရဂုဏ်ရည်များ မြင့်မားလျှင် မြင့်မားသလောက် အရာရောက်အောင် ဆောင်ရွက်ပေးနိုင်ခွင့် ရှိနေသည်သာ ဖြစ်၏” ဟုလည်း သိမြင်လက်ခံနိုင်မည် ဖြစ်ပါသည် ဘုရား။
ဤသည်မှာ “ဆရာ + တပည့်” ဆက်ဆံရေးတွင် ဆရာဟူသော ဂုဏ်ဝိသေသကို ဆောင်ထားနိုင်ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပါသည်။ ထိုအကျိုးရလဒ်ကို “ဆန္ဒမဲပေးခွင့်” ဆိုသည့် အရာသေးသေးလေးနှင့် အလဲအထပ် မပြုကြပါရန် ရိုသေစွာ လျှောက်ထား တောင်းပန်အပ်ပါသည် အရှင်မြတ်တို့ ဘုရား ....
ရဋ္ဌပါလ
၁၈၊ ၇၊ ၂၀၁၄၊ သောကြာနေ့။
(တောင်းပန်စကား ။ ။ စာရေးသူသည် ပုဂ္ဂိုလ်တစ်စုံတစ်ယောက် အပေါ်တွင် အမည်နာမ ဖော်ဆို၍ အပြုသဘော မဆောင်သော ပြစ်တင်ဝေဖန်မှု ပြုခြင်းကို မနှစ်သက်ပါ။ သို့ရာတွင် ယခု လျှောက်ထားလွှာ၌ ဖြစ်စဉ်ဖြစ်ရပ်များကိုပါ ထည့်သွင်း လျှောက်ထားရသည် ဖြစ်ပါ၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ ဆရာတော် ဦးဝီရသူ၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝဲကြီးကျေးရွာမှ ဆရာတော် ဦးတိလောက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်နာမများကို ဖော်ပြသုံးစွဲခဲ့ရပါသည်။ အဆိုပါ ဆရာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ရပ်တည်ရာ နယ်ပယ် ဆောင်ရွက်ပုံ ဆောင်ရွက်နည်း မည်သို့ပင် ကွာခြားကြစေကာမူ မြန်မာပြည်နှင့် မြန်မာအမျိုးသားတို့၏ အကျိုးစီးပွားကို လိုလားကြသူများ၊ ဆောင်ရွက်နေကြသူများ ဖြစ်သည်ဟုလည်း ယုံကြည်ပါသည်။ အမည်နာမများကို ဖော်ပြသုံးစွဲရခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ ကာယကံရှင် လေးဦးတို့အား ယခုအတွက်ရော နောင်အတွက်ပါ တောင်းပန်စကား ဆိုပါ၏။)
http://www.thevoicemyanmar.com/index.php/perspective/item/1539-ala