Tuesday, July 14, 2015

မန္တလေးပဋိပက္ခဖြစ်စဉ်၊ သူတော်စင် ဗြာဟ္မဏနှင့် သေသောက်ကြူး သုံးယောက်


လူလားမမြောက်မီ ငယ်စဉ်က မိခင်ရင်ခွင်၌ နားထောင်ခဲ့ရဖူးသော၊ လူလားမြောက်ခဲ့သော် စာပေလက်ရာအဖြစ် ဖတ်ခဲ့ရဖူးသော အိန္ဒိယပုံပြင်တစ်ပုဒ်ဖြင့် အစပျိုးလိုပါသည်။ အိန္ဒိယက ကမ္ဘာသို့ အကောင်းဆုံး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော အမွေအနှစ်ဟုပင် တင်စားခဲ့ကြသည့် ကမ္ဘာကျော် ပဉ္စတန္တရပုံဝတ္ထု နီတိကျမ်းလာ ပုံပြင်တစ်ပုဒ်ဖြစ်သည်ဟု မှတ်သားမိပါ၏။   

ရှေးသရောအခါက အရပ်ဒေသတစ်ခုတွင် မိတ္တသမ္မာအမည်ရှိ သူတော်စင် ဗြာဟ္မဏတစ်ဦး နေထိုင်လေသည်။ တပို့တွဲလ၏ တစ်နေ့သ၌ လေပြည်လေညင်းသည် ဖြည်းညင်းစွာ တိုက်ခတ်လျက်ရှိသည်။ မိုးသား တိမ်လိပ်ကလေးများသည် အဇဋာကောင်းကင်ပြင်တွင် တငြိမ့်ငြိမ့် ရွေ့လျား ပျံသန်းနေကြသည်။ ထိုအချိန်၌ ဗြာဟ္မဏသည် မိမိရွာမှ ထွက်ခွာပြီးလျှင် ယဇ်ပူဇော်မှုပြုရန်အတွက် လှည့်လည်အလှူခံရာ ခရီးအတန်ငယ် ဝေးကွာသည့် ရွာတစ်ရွာသို့ ရောက်ခဲ့သည်။ဗြာဟ္မဏသည် ထိုရွာအတွင်းရှိ အိမ်ရှင်တစ်ဦးကို ဤသို့ပြောလေ၏။ “လာမယ့် လကွယ်နေ့ကျလျှင် ကျွန်ုပ်ယဇ်ပူဇော်ဖို့ ကြံရွယ်ထားတယ်။ ယဇ်ပူဇော်ဖို့အတွက် ကျွန်ုပ်ကို ဆိတ်တစ်ကောင် ပေးလှူပါ” အိမ်ရှင်သည် ဝဖြိုးသော ဆိတ်တစ်ကောင်ကို ဗြာဟ္မဏအား ပေးလှူလိုက်သည်။

 ဗြာဟ္မဏသည် ပေးလှူလိုက်သော ဆိတ်ကို ပခုံးပေါ်တွင် ထမ်းဆောင်လျက် မိမိနေရာဌာနသို့ ဝမ်းပန်းတသာ ပြန်လာခဲ့သည်။ ဝဖြိုးသောဆိတ်ကို ထမ်းဆောင်လျက် ပြန်လာသည့် ဗြာဟ္မဏကို သေသောက်ကြူး လူလိမ်လူညာ သုံးယောက်တို့က အဝေးမှပင် မြင်လိုက်ကြသည်။ မြင်လျှင်မြင်ချင်း ဗြာဟ္မဏ၏ ပခုံးပေါ်မှဆိတ်ကို မျက်စိကျကြ၏။ လိုချင်ကြ၏။ ဆိတ်သားဟင်းလျာကို စားချင်သော အာသာဆန္ဒ ဖြစ်ပေါ်လာကြ၏။ သို့သော် သူတို့သည် ထိုဆိတ်ကို တန်ရာတန်ကြေးပေး၍ ဝယ်ယူလိုကြသည်တော့ မဟုတ်။ အချောင်သက်သက် ရယူလိုကြသည်။ ဗြာဟ္မဏထံမှ တောင်းယူလျှင်လည်း ပေးမည်မဟုတ်ကြောင်း သိထားကြ၏။ နိုင့်ထက်စီးနင်းပြု၍ အတင်းအကျပ် လုယက်ယူငင် ပြန်လျှင်လည်း ရာဇဝတ်မှုမြောက်ကာ မင်းပြစ်မင်းဒဏ် သင့်ဖွယ်ရှိသည်။ အကောင်းဆုံး နည်းလမ်းမှာ ဗြာဟ္မဏကိုယ်တိုင်က ထိုဆိတ်ကို စွန့်လွှတ်ချထားခဲ့အောင် လှည့်စားပြီး ရယူခြင်း ဖြစ်ကြောင်း သေသောက်ကြူးတို့က စဉ်းစားမိကြသည်။ တစ်ခဏအတွင်းမှာပင် ဗြာဟ္မဏကိုလှည့်စားရန် အကွက်ရှာကြသည်။ အကြံထုတ်ကြသည်။


သေသောက်ကြူးတို့သည် ဗြာဟ္မဏ လာမည့်လမ်းမှ တစ်နေရာစီ လူခွဲကာ စောင့်ဆိုင်းနေလိုက်ကြသည်။ နေဝင်ရီတရောအချိန်မို့ ဗြာဟ္မဏလည်း ခြေလှမ်းသွက်သွက်ဖြင့် ခရီးဆက်လာ၏။ ပထမနေရာတွင် ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ပြီး စောင့်ဆိုင်းနေသော သေသောက်ကြူးက ဗြာဟ္မဏကို မြင်သည်နှင့် အလွန်ပင် ရိုသေကိုင်းညွတ်သော အမူအရာနှင့်အတူ မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်မိသော အသွင်ကိုပြုကာ နှုတ်ဆက်စကား ဆိုလိုက်သည်။ “အရှင်ဗြာဟ္မဏ၊ အဘယ်ခရီးမှ ကြွလာခဲ့ပါသနည်း” “အမောင်၊ ယဇ်ပူဇော်မှုပြုရန် အလှူခံရာမှ ပြန်ခဲ့သည်” “အရှင်ဗြာဟ္မဏ၊ ယဇ်ပူဇော်မှုပြုရန် အရှင်အလှူခံရရှိခဲ့သော အရာကား အဘယ်ပါနည်း” “အမောင်၊ အသင်သည် ငါထမ်းဆောင်လာသော ဆိတ်ကို မမြင်ချေသလော၊ ငါသည် ဤဆိတ်ကိုပင် ရခဲ့၏” “အရှင်ဗြာဟ္မဏ၊ အကျွန်ုပ်သည် အရှင်ပခုံးဖြင့် ထမ်းဆောင်လာသော သတ္တဝါကို မမြင်သည် မဟုတ်ပါ။ မြင်ပါ၏။ သို့သော် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော သတ္တဝါသည် ဆိတ်မဟုတ်ချေတကား၊ စင်စစ် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော သတ္တဝါသည် မကိုင်အပ် မကိုင်ကောင်းသည့် ခွေးသာ ဖြစ်ပါ၏။ မြင့်မြတ်သော အမျိုးဇာတ်ရှိကာ ယဇ်ပူဇော်မှု၌ မွေ့လျော်သော အရှင်ဗြာဟ္မဏအဖို့ ယုတ်ညံ့လွန်းသော ခွေးသတ္တဝါကို ပခုံးဖြင့် ထမ်းဆောင်လာခြင်းမှာ အလွန်ပင် အသရေယုတ် စက်ဆုပ်ဖွယ်သာ ဖြစ်ပါ၏။ သူငါအများမြင်သော် မသင့်တော်ပါ။ အရှင်ဗြာဟ္မဏကို လူအများက ရယ်မောကြပါလိမ့်မည်”

ဗြာဟ္မဏသည် မင်သေသေအမူအရာဖြင့် ပြောဆိုနေသော သေသောက်ကြူး၏စကားကို ကြားရသော် အံ့သြမိလေသည်။ သို့ရာတွင် သူထမ်းဆောင်လာသော ဆိတ်အပေါ်တွင် ယုံမှားသံသယ မဖြစ်မိသေး။ ထို့ကြောင့် ဗြာဟ္မဏသည် သေသောက်ကြူးကို ဤသို့ စကားတုံ့ပြန် ပြောဆို၏။ “ဟယ် လူပျက် အသင်သည် ငါ့အား ပျက်ရယ်လှောင်ပြောင်သော စကားကိုပင် ဆိုချေသလော၊ သို့မဟုတ် အသင့်မှာ အကုသိုလ် ဖိစီး၍ပင် ဆိတ်စင်စစ်ကို ခွေးဟုမြင်ချေသလော၊ အသင်ဖယ်လော့၊ ငါသည် ခရီးဆက်အံ့” ထိုစကားမျှကိုသာ တုံ့ပြန်ပြောဆိုကာ ဗြာဟ္မဏသည် ခရီးကို ဆက်ခဲ့၏။ ပထမ သေသောက်ကြူးသည် “ဗြာဟ္မဏကို ဤမျှလောက် လှည့်စားခြင်းဖြင့်ပင် လုံလောက်ပြီ” ဟုတွေးလျက် ထိုအရပ်၌ပင် နေရစ်ခဲ့သည်။

ဆိတ်ကိုထမ်းဆောင်လျက် ခရီးဆက်ခဲ့သော ဗြာဟ္မဏသည် မနီးမဝေး တစ်နေရာ အရောက်တွင် ခရီးရင်ဆိုင်မှ လာဟန်ပြုသော ဒုတိယ သေသောက်ကြူးနှင့်တွေ့ဆုံပြန်၏။ ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ထားသည့် ဒုတိယ သေသောက်ကြူးကလည်း ဗြာဟ္မဏကို မြင်သည်နှင့် စကားဖြင့် လှည့်စားပြန်သည်။ “အရှင်ဗြာဟ္မဏ၊ အဘယ်ခရီးမှ ကြွလာခဲ့ပါသနည်း” “အမောင်၊ ယဇ်ပူဇော်မှုပြုရန် အလှူခံရာမှ ပြန်ခဲ့သည်” “အရှင်ဗြာဟ္မဏ၊ ယဇ်ပူဇော်မှုပြုရန် အရှင်အလှူခံရရှိခဲ့သော အရာကား အဘယ်ပါနည်း” “အမောင်၊ အသင်သည် ငါထမ်းဆောင်လာသော ဆိတ်ကို မမြင်ချေသလော၊ ငါသည် ဤဆိတ်ကိုပင် ရခဲ့၏” “အရှင်ဗြာဟ္မဏ၊ အကျွန်ုပ်သည် အရှင်ပခုံးဖြင့် ထမ်းဆောင်လာသော ဆိတ်ကို မမြင်သည် မဟုတ်ပါ။ မြင်ပါ၏။ သို့သော် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော ဆိတ်သည် အရှင်မဟုတ်ချေတကား၊ စင်စစ် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော ဆိတ်သည် ယဇ်ပူဇော်မှုပြုရန် မထိုက်တန်သော ဆိတ်အသေကောင်သာ ဖြစ်ပါ၏။ မြင့်မြတ်သော အမျိုးဇာတ်ရှိကာ ယဇ်ပူဇော်မှု၌ မွေ့လျော်သော အရှင်ဗြာဟ္မဏအဖို့ ယဇ်ပူဇော်မှုပြုရန် ထိုက်တန်သည် မထိုက်တန်သည်ကိုပင် မခွဲခြားတတ်ဘဲ ယဇ်ပူဇော်မှုပြုရန် ဆိတ်အသေကောင်ကို ဆောင်ယူလာခြင်းသည် အလွန်ပင် ကဲ့ရဲ့ဖွယ် ဖြစ်ပါ၏။ အရှင်ဗြာဟ္မဏ၊ သူငါအများမြင်သော် မသင့်တော်ပါ”

ဤအကြိမ်တွင်မူ ဗြာဟ္မဏသည် အနည်းငယ် တွေဝေစ ပြုလာတော့သည်။ တုန်လှုပ်စ ပြုလာတော့သည်။ ချောက်ချားစ ပြုလာတော့သည်။ သွေးပျက်စ ပြုလာတော့၏။ “ငါ ထမ်းဆောင်လာသော သတ္တဝါသည် တကယ်ပင် သွေးရိုးသားရိုး သာမန်တိရစ္ဆာန်တစ်ကောင်မှ ဟုတ်ပါရဲ့လား” ဟု ယုံမှားလိုရိပ်တက်စ ပြုလာတော့သည်။ သို့သော် ရတောင့်ရခဲ အလှူခံရရှိပြီး ခရီးဝေးမှပင် တပင်တပန်း ထမ်းလာခဲ့ရသော ဆိတ်ကို မစွန့်ပစ်ရက်ချေ။“ဆိတ်အရှင်သည် ဘယ်နည်းနှင့်မျှ အသေမဖြစ်နိုင်” ဟုတွေးကာ “ဟယ် လူပျက် အသင်သည် ငါ့အား ပျက်ရယ်လှောင်ပြောင်သော စကားကိုပင် ဆိုချေသလော သို့မဟုတ် အသင့်မှာ အကုသိုလ် ဖိစီး၍ပင် ဆိတ်အရှင်စင်စစ်ကို အသေကောင်ဟု မြင်ချေသလော၊ အသင်ဖယ်လော့၊ ငါသည် ခရီးဆက်အံ့” ဟု ဟန်ကိုယ့်ဖို့ပြောဆိုကာ စိတ်ကို ရဲဆေးတင်လျက် ခရီးဆက်ခဲ့ပြန်၏။ ဒုတိယ သေသောက်ကြူးသည် “ဗြာဟ္မဏကို ဤမျှလောက် လှည့်စားခြင်းဖြင့်ပင် လုံလောက်ပြီ” ဟုတွေးလျက် ထိုအရပ်၌ပင် နေရစ်ခဲ့သည်။

ဗြာဟ္မဏသည် ခြေလှမ်းသွက်သွက်ဖြင့် ခရီးဆက်ခဲ့ရာ မနီးမဝေး တစ်နေရာအရောက်တွင် ခရီးရင်ဆိုင်မှ လာဟန်ပြုသော တတိယ သေသောက်ကြူးနှင့် တွေ့ဆုံပြန်၏။ ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ထားသည့် တတိယ သေသောက်ကြူးလည်း ဗြာဟ္မဏကို မြင်သည်နှင့် စကားဖြင့် လှည့်စား ပြန်သည်။ “အရှင်ဗြာဟ္မဏ၊ မှောင်ပင်မှောင်လုပါပြီ။ အဘယ်ခရီးမှ ကြွလာခဲ့ပါသနည်း” “အမောင် ယဇ်ပူဇော်မှုပြုရန် အလှူခံရာမှ ပြန်ခဲ့သည်” “အရှင်ဗြာဟ္မဏ ယဇ်ပူဇော်မှုပြုရန် အရှင်အလှူခံရရှိခဲ့သော အရာကား အဘယ်ပါနည်း” “အမောင် အသင်သည် ငါ ထမ်းဆောင်လာသော ဆိတ်ကို မမြင်ချေသလော၊ ငါသည် ဤဆိတ်ကိုပင် ရခဲ့၏” “အရှင်ဗြာဟ္မဏ အကျွန်ုပ်သည် အရှင်ပခုံးဖြင့် ထမ်းဆောင်လာသော သတ္တဝါကို မမြင်သည် မဟုတ်ပါ။ မြင်ပါ၏။ သို့သော် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော သတ္တဝါသည် ဆိတ်မဟုတ်ချေတကား၊ စင်စစ် အရှင်ဗြာဟ္မဏ ထမ်းဆောင်လာသော သတ္တဝါသည် မြည်းသာဖြစ်ပါ၏။ အယုတ်တမာ မြည်းသတ္တဝါကို မတော်တဆ ထိမိလျှင်ပင် ရေချိုးသန့်စင်ကာ မင်္ဂလာ အသစ်ပြန်တင်ရသည် မဟုတ်ပါလော၊ မြင့်မြတ်သော အမျိုးဇာတ်ရှိကာ ယဇ်ပူဇော်မှု၌ မွေ့လျော်သော အရှင်ဗြာဟ္မဏအဖို့ ယုတ်ညံ့လွန်းသော မြည်းသတ္တဝါကို ပခုံးဖြင့်ထမ်းဆောင်လာခြင်းမှာ အလွန်ပင် အသရေယုတ် စက်ဆုပ်ဖွယ်သာ ဖြစ်ပါ၏။ အရှင်ဗြာဟ္မဏသည် ဤမြည်းသတ္တဝါကို စွန့်ပစ်ပါချေလော့။ သူငါအများမြင်သော် မသင့်တော်ပါ။ အရှင်ဗြာဟ္မဏကို လူအများက ကဲ့ရဲ့ကြပါလိမ့်မည်”

ဤအကြိမ်တွင်ကား ဗြာဟ္မဏသည် အပြင်းအထန်ပင် တွေဝေတော့၏။ အပြင်းအထန်ပင် တုန်လှုပ်တော့သည်။ အပြင်းအထန်ပင် ချောက်ချားတော့သည်။ အပြင်းအထန်ပင် သွေးပျက်တော့၏။ “ငါသည် ဆိတ်ရှင်လတ်လတ်ကို ထမ်းဆောင်လာပါလျက် လမ်းခရီးတွင် တွေ့ကြုံ သော လူတို့က ယုတ်ညံ့သော ခွေးသတ္တဝါကို ထမ်းဆောင်လာသည်ဟု ဆိုကြကုန်၏။ ဆိတ်အသေကောင်ကို ထမ်းဆောင်လာသည်ဟု ဆိုကြကုန်၏။ ယုတ်ညံ့သော မြည်းသတဝါကို ထမ်းဆောင်လာသည်ဟု ဆိုကြကုန်၏။ ငါသည်ပင် မှားယွင်းလိမ့်မည်။ ငါထမ်းဆောင်လာသော သတ္တဝါသည် ဆိတ်အစစ်အမှန် မဖြစ်နိုင်၊ စင်စစ်မြေဘုတ်ဘီလူးပင် ဖြစ်တန်ရာ၏” ဟုတွေးလျက် ဝေးကွာသော ခရီးတစ်လျှောက် ပင်ပန်းကြီးစွာ ထမ်းဆောင်လာခဲ့ရသော ဆိတ်ကို စွန့်ပစ်ချထားခဲ့ကာ နောက်သို့ပင် လှည့်မကြည့်နိုင်အောင် ကြောက်လန့်တကြား ပြေးလေ၏။ ဆိတ်သည်လည်း သခင့်အိမ်ရှိရာသို့ ပြေးလေသည်။

ထိုအဖြစ်ကို မျှော်လင့်နေသော သေသောက်ကြူးတို့သည် ဗြာဟ္မဏ စွန့်ပစ်ချထားခဲ့သော ဆိတ်ကို ဖမ်းဆီးယူဆောင်၍ မွန်မြတ်သော ဟင်းလျာအဖြစ်စီမံကာ ကိုယ်တိုင်လည်း သေအရက်ဖြင့် မြည်းစား၊ ဇနီးမယား သမီးသားတို့အတွက်လည်း ခွဲဝေပေးကမ်းကာ အပျော်ကြီးပျော်လျက် ရှိကြလေတော့၏။ ပုံပြင်ကား ဤမျှသာ။

ပုံပြင်နှင့်ဆက်စပ်၍ စဉ်းစားမိသည်က ယနေ့ခေတ် မြန်မာ့လူ့အဖွဲ့အစည်း၊ လတ်တလော ဖြစ်ပွားခဲ့သော မန္တလေးပဋိပက္ခ ဖြစ်စဉ်များနှင့် ထိုပဋိပက္ခ ဖြစ်စဉ်များကို စတင်ဖြစ်ပေါ်စေခဲ့သည့် ဖြစ်ရပ်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်ပါ အကြောင်းအရာများပင် ဖြစ်ပါသည်။ စဉ်းစားမိတိုင်းပင် ယနေ့ခေတ် မြန်မာ့လူ့အဖွဲ့အစည်းသည် ပဉ္စတန္တရပုံပြင်၌ ပါဝင်သည့် ‘ဆိတ်ထမ်းလာသော ဗြာဟ္မဏ’ နှင့် ဆင်ဆင်တူနေပြီလောဟု မေးခွန်းထုတ်မိပါသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ညမှ စတင်ခဲ့သော ပဋိပက္ခ ဖြစ်စဉ်များအတွင်း အကြမ်းဖက် ရန်ပြုမှုများကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံအချို့နှင့် မော်တော်ယာဉ်အချို့ ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ သေဆုံးခဲ့ရသူ အမျိုးသားနှစ်ဦးတွင် တစ်ဦးက ဗုဒ္ဓဘာသာဝင်၊ အသက် (၃၆) နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားဖြစ်ပြီး ဇနီးသည်နှင့် ရင်သွေးသုံးယောက် ကျန်ရစ်ခဲ့သည် ဆိုပါ၏။ အခြားသေဆုံးသူ တစ်ဦးမှာ အစ္စလာမ်ဘာသာဝင်၊ အသက် (၅၁) နှစ်အရွယ် အိမ်ထောင်သည် အမျိုးသားဖြစ်ပြီး ဇနီးသည်နှင့် ရင်သွေးနှစ်ယောက် ကျန်ရစ်ခဲ့သည် ဆိုပါ၏။

မန္တလေး ပဋိပက္ခဖြစ်စဉ်၏ အစပြုရာ လတ်တလောအကြောင်းရင်းမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ယောက်က အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့်သတင်းတစ်ပုဒ် ဖြစ်ပါ၏။ အဆိုပါသတင်းမှာ ဇွန်လကုန်ခါနီး ရက်ပိုင်းတွင် အမေရိကန် အခြေစိုက် Online သတင်းစာမျက်နှာတစ်ခုမှ စတင်ခဲ့ပြီး Facebook လူမှုကွန်ရက်တွင် အလျင်အမြန် ပျံ့နှံ့လာခဲ့ရာမှ လူမှုကွန်ရက် အသုံးပြုသူများအကြား အပြန်အလှန် ပြစ်တင်ဆဲရေး ကြိမ်းမောင်း ခြိမ်းခြောက်စရာ ဖြစ်လာခဲ့ပါသည်။ ဇူလိုင်လ ၁ ရက်နေ့ညတွင်မူ Facebook လူမှုကွန်ရက်ပေါ်မှ အပြန်အလှန် ပြစ်တင်ဆဲရေး ကြိမ်းမောင်း ခြိမ်းခြောက်မှုများသည် မန္တလေးမြို့၏ လမ်းမများပေါ်သို့ သက်ဆင်းလာခဲ့ပြီး လမ်းမတစ်လျှောက် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ကြိုကြားကြိုကြား ပေါ်ချည်ပျောက်ချည် ဖြစ်လာခဲ့ပါသည်။ အုပ်ချုပ်ရေးမဏ္ဍိုင် အပါအဝင် နယ်ပယ်အသီးသီးမှ သုံးသပ်သူများက မန္တလေး ပဋိပက္ခဖြစ်စဉ်၌ မြို့ခံမဟုတ်သူများ ပါဝင်ခဲ့ကြပြီး နောက်ကွယ်မှ စနစ်တကျ ကြိုးကိုင်မှုများ၊ အကွက်ချ လှုံ့ဆော်မှုများ၊ စနစ်တကျ သွေးထိုးမှုများ ရှိခဲ့သည်ဟု ဆိုကြပါသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးမြို့နယ် ခုနစ်မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ပြီးနောက် အုပ်စုဖွဲ့ အကြမ်းဖက်မှုများလည်း ငြိမ်သက်လာခဲ့ပါသည်။ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း (၁၉) မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်ဟု ဆိုပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦးရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခြင်း ခံထားရသူမှာ ၁၇.၇.၂၀၁၄ ရက်နေ့ထိ ၈၃၄ ဦး ရှိပြီ ဖြစ်ကြောင်းလည်း သိရပါသည်။

နောက်ဆုံးတွင် မန္တလေး ပဋိပက္ခဖြစ်စဉ်၏ အစပြုရာ လတ်တလော အကြောင်းရင်းဖြစ်ခဲ့သော ‘ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ယောက်က အဓမ္မပြုကျင့်ခဲ့သည်’ ဆိုသည့်သတင်းမှာ အမှန်တရား မဟုတ်ခဲ့ဘဲ မူးယစ်ဆေးဝါးမှုတစ်ခုနှင့် လူမှုရေးအရ ဆက်နွှယ်နေသော အမျိုးသမီးက နာမည်အတုဖြင့် လီဆယ် တိုင်ကြားခဲ့ခြင်းသာ ဖြစ်ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါ အမျိုးသမီး၏ လီဆယ်တိုင်ကြားခြင်း ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ကြော ဖော်ထုတ်ချက်သည် နောက်ထပ် အမှန်တရားတစ်ခု ထပ်မံပေါ်ထွက်လာစရာ မရှိတော့သော အဆုံးသတ်နှင့် ပကတိအမှန်တရားသာ ဖြစ်ခဲ့ပါမူ လူမှုကွန်ရက်ပေါ်တွင် အလေးအနက် ငြင်းခုံနေကြသူများ၊ မန္တလေး ပဋိပက္ခဖြစ်စဉ်တွင် သွေးဆူဆူဖြင့် ပါဝင်မိကြသူများမှာ ပုံပြင်ထဲက ဗြာဟ္မဏထက် ဆိုးရွားစွာ လှည့်စားခံခဲ့ကြရပြီဟု ဆိုရပါလိမ့်မည်။

ဗြာဟ္မဏ၏ ဆုံးရှုံးမှုမှာ ဆိတ်တစ်ကောင်မျှသာဖြစ်ပြီး အစားပြန်လည် ရရှိနိုင်ပါသေးသည်။ ကမ္ဘာသိ ရုန်းရင်းဆန်ခတ်ဖြစ်ကာ သွေးမြေကျခဲ့ရသော၊ ယဉ်ကျေးမှု မျက်နှာစာတွင် မျက်နှာပျက်အရှက်ရကာ အကျည်းတန်ခဲ့ရသော မန္တလေး ပဋိပက္ခဖြစ်စဉ်၏ နိဂုံးချုပ်ဇာတ်သိမ်းတွင်ကား ‘မိခင် တစ်ဦးချင်းစီအတွက် သားတစ်ယောက်စီကို ဆုံးရှုံးခဲ့ရပါသည်။ ဇနီးသည် တစ်ယောက်ချင်းစီအတွက် အားကိုးအားထားပြုရာ ခင်ပွန်းသည် တစ်ယောက်စီကို ဆုံးရှုံးခဲ့ရပါသည် (အမျိုးသမီး နှစ်ယောက် မုဆိုးမ ဖြစ်ကြရပါသည်)။ ရင်သွေးငယ် တစ်ယောက်ချင်းစီအတွက် ဖခင်နှင့် ဖခင်၏ မေတ္တာရင်ခွင်ရိပ်ကို ဆုံးရှုံးခဲ့ရပါသည် (ကလေးငယ်ငါးဦး အဖေမဲ့ဘဝသို့ ရောက်ခဲ့ရပါသည်)။ သေဆုံးခဲ့သူ နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဆယ့်လေးဦးတို့၏ မိသားစုများအတွင်း စိုးရိမ်သောကပေါင်း မြောက်များစွာ၊ ဆို့နင့်ကြေကွဲမှုပေါင်း မြောက်မြားစွာ ပင်ပန်းဆင်းရဲမှု ပေါင်းမြောက်မြားစွာ၊ လူမှုဘဝ ဒုက္ခပေါင်းမြောက်မြားစွာကို ခံစားရင်ဆိုင် လိုက်ကြရပါသည်။ အရေးယူ ဖမ်းဆီးခြင်းခံကြရသူ တစ်ထောင်နီးပါးတို့မှာလည်း ကာယကံရှင်များ ကိုယ်တိုင်ရော မိသားစုများ အတွင်း၌ပါ ပင်ပန်းဆင်းရဲမှုများ လူမှုဘဝ အကျပ်အတည်းများကို ခံစားရင်ဆိုင်ကြရမည် ဖြစ်ပါသည်။

အမှန်တရား ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းတစ်ခုကို အစပြုကာ နောက်ကွယ်မှ စနစ်တကျ ကြိုးကိုင်မှုများ၊ အကွက်ချ လှုံ့ဆော်မှုများ၊ စနစ်တကျ သွေးထိုးမှုများကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားလာခဲ့ရသော ပဋိပက္ခဖြစ်စဉ်ကို ကြုံခဲ့ကြရပြီ ဖြစ်ပါ၏။ ပဋိပက္ခဖြစ်စဉ်က ပေးအပ်လာသော လူမှုဘဝဒုက္ခများကိုလည်း ခါးခါးသီးသီး ခံစားသိမြင် ကြုံတွေ့ခဲ့ကြရပြီ ဖြစ်ပါ၏။ သို့ပါလျက် ဆက်၍ဆက်၍ ယုံလွယ်မှု စောကြဦးမည် ဆိုပါလျှင်၊ ဆက်၍ဆက်၍ သွေးဆူဆူတုံ့ပြန်ကြဦးမည် ဆိုပါလျှင်၊ ဆက်၍ဆက်၍ ကြိုးကိုင်မှုခံနေကြဦးမည် ဆိုပါလျှင်၊ ဆက်၍ ဆက်၍ လှုံ့ဆော်မှု ခံနေကြဦးမည် ဆိုပါလျှင်၊ ဆက်၍ဆက်၍ သွေးထိုးမှု ခံနေကြဦးမည် ဆိုပါလျှင် အလားတူ လူမှုဘဝဒုက္ခများနှင့် ဆက်၍ဆက်၍ တွေ့ကြုံနေကြရဦးမည်သာ ဖြစ်ပါလိမ့်မည်။

ပဋိပက္ခ ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာမည့် လူမှုဘဝဒုက္ခများမှ ရှောင်ရှားနိုင်ပါရန် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် နေရာဌာနမျိုးမှ ကြားသိရသော မည်သည့်သတင်းကိုမဆို ယုံကြည်မှု မစောမိစေဘဲ သတိကြီးကြီးထား၍ စောင့်ကြည့်ကြရပါမည်။ ရာဇဝတ်ပြစ်မှုနှင့် သက်ဆိုင်သမျှ ကိစ္စရပ်များအပေါ်တွင် ဘာသာရေးကွဲပြားမှုကို အခြေခံ၍ သွေးဆူဆူဖြင့် တုံ့ပြန်မှု မပြုမိစေရန်လည်း ဆင်ခြင်ထိန်းချုပ်ကြရပါမည်။ ရာဇဝတ်ပြစ်မှု မှန်သမျှကို တရားဥပဒေဘောင် အတွင်းကသာ သည်းခံဖြေရှင်းကြရပါမည်။ တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေစိုးမိုးမှုကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသော ပြည်သူ့ဝန်ထမ်းတို့၏ စွမ်းရည်ထက်မြက်မှု တည်ကြည်ဖြောင့်မတ်မှုများ၌ အားနည်းချက် ရှိပင်ရှိစေကာမူ ဖြစ်ပေါ်လာသမျှ ရာဇဝတ်ပြစ်မှုများကို တရားဥပဒေဘောင် အတွင်းကသာ သည်းခံဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ထိုမျှမက လှည့်စားသည်ကို လှည့်စားသည်ဟု သိမြင်ကြရပါမည်။ ကြိုးကိုင်သည်ကို ကြိုးကိုင်သည်ဟု သိမြင်ကြရပါမည်။ လှုံ့ဆော်သည်ကို လှုံ့ဆော်သည်ဟု သိမြင်ကြရပါမည်။ သွေးထိုးသည်ကို သွေးထိုးသည်ဟု သိမြင်ကြရပါမည်။ ဆင်ခြင်တုံတရားကို အခြေခံသော ထိုအသိအမြင်များဖြင့်သာ ငြိမ်းချမ်း၍ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း၊ မြို့ပြပြည်ရွာနှင့် လူမှုစီးပွားဘဝများကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း သတိပြုမိစေချင်ပါသည်။ ။


ရဋ္ဌပါလ

၂၂၊ ၇၊ ၂၀၁၄၊ အင်္ဂါနေ့။
~~~~~~~~~~~~~~

http://www.thevoicemyanmar.com/index.php/perspective/item/1384-mnlp